တ.စ.ညပါတီက ရွေးကောက်ပွဲတွင် အိမ်ဖြည့်သဘောမဟုတ်၍ ရလဒ်ကောင်း မျှော်လင့်ထား

တ.စ.ညပါတီက ရွေးကောက်ပွဲတွင် အိမ်ဖြည့်သဘောမဟုတ်၍ ရလဒ်ကောင်း မျှော်လင့်ထား

နေပြည်တော်၊ စက်တင်ဘာ ၇ ။ ။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တ.စ.ည)က ရွေးကောက်ရလဒ်ကောင်းမည်ဟု မျှော်လင့်ထားကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက ပြောသည်။

“ကျွန်တော်တို့အတွက် အခြေအနေပေးနိုင်မယ့် နေရာတွေကိုပဲ စုစည်းပြီးတော့ ဝင်တဲ့အတွက် အားလုံးပေါင်း ခြောက်ဆယ့်သုံးရာခိုင်နှုန်းဝင်တဲ့အခြေအနေပါ။ ဒီအပေါ်မှာမူတည်ပါတယ်။ ဒါကြောင့်မို့ အိမ်ဖြည့်သဘောမျိုး မဟုတ်ဘူး။ တစ်ကယ့်ကို အရည်အချင်းနဲ့ပြည့်ပြီး ဝင်ပြိုင်နိုင်အောင် လုပ်တဲ့အတွက် ရလဒ်ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်” ၎င်းက စက်တင်ဘာလ ၇ ရက်က ပျဉ်းမနားမြို့ တ.စ.ညရုံးတွင် မီဒီယာအချို့ကို ပြောကြားခဲ့သည်။

တ.စ.ညပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ တတိယအများဆုံးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အဓိကပြိုင်ရမည့် ပါတီနှစ်ခုဖြစ်သည်ဟု ဦးဟန်ရွှေက ပြောသည်။

“ဒီစိန်ခေါ်မှုကိုလည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ကျော်လွှားနိုင်အောင် ကျွန်တော်တို့လုပ်နေပါတယ်” ဟု ဦးရွှေဟန်ကဆိုသည်။

ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်း စိစစ်မှုအပြီးတွင် တ.စ.ည ပါတီသည် ကိုယ်စားလောင်း (၇၅၆)ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း ဦးဟန်ရွှေက အတည်ပြုပြောကြားသည်။
ထို့ပြင်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီသည် ရွေးကောက်ပွဲ အသုံးစားရိတ်တွင် ငွေကြေးအရ အကြပ်အတည်းနှင့် စိန်ခေါ်မှုကို ကြိုးစားရုန်းကန်နေရသည့် အခြေအနေမျိုး ရှိသည်ဟုလည်း ၎င်းက ဆိုသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများတွင် မဲဆွယ်စည်းရုံးသည့်အချိန်တွင် ငွေကြေးအရ အခက်အခဲရှိပါက ပါတီက တတ်နိုင်သမျှ ထောက်ပံ့ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

ဦးဟန်ရွှေသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်သည့် နိုင်ငံရေးပါတီများ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပါတီစည်းရုံရေး ထုတ်လွှင့်ရန် အစီစဉ်ဖြင့် နေပြည်တော်တပ်ကုန်သို့ လာရောက်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီ ရှစ်မြို့နယ်ရှိ တ.စ.ညပါတီ၏ မြို့နယ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများနှင့် စက်တင်ဘာ ၆ ရက်က ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်ရှိ ရုံးခန်းတွင် တွေ့ဆုံခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှစ်မြို့နယ်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီသည် အမျိုးသားလွှတ်တော်အတွက် (၂)နေရာနှင့် ပြည်သူ့လွှတ်တော် (၇)နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်တွင်မူ ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောယှဉ်ပြိုင်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly