NLD က ဘာသာရေးသုံးပြီး မဲဆွယ်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကတိပြု

NLD က ဘာသာရေးသုံးပြီး မဲဆွယ်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကတိပြု
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာ ၆ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးဟောပြောပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ရန်ကုန် စက်တင်ဘာ ၆ ။ ။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဘာသာရေး ကိုအသုံးပြုပြီး မဲဆွယ်မှာမဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၆ရက်တွင် ကတိပြု လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးဟောပြောပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

"ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံ၊ တိုင်းရင်းသားတွေထဲမှာ ဗုဒ္ဓဘာသာမဟုတ် သူတွေလည်းပါတယ်။ ဒီလိုအခြေအနေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် စိုးရိမ်ရတဲ့အခြေ အနေဖြစ်လာနိုင်တယ်လို့ သဘောပေါက်တယ်။ ဒါကြောင့် အဲဒီစိုးရိမ်မှုတွေကနေ ပြည်သူတွေအားလုံးကို လွတ်မြောက်စေချင်တယ်" ဘာသာရေးအသုံးပြု မဲဆွယ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ယင်းအပြင် ပြည်သူများအကြားစိတ်ဝမ်းကွဲစေမည့် စည်းရုံးမှုအပြင် အခြားဥပဒေ၊ အခြေခံဥပဒေများနှင့် ဆန့်ကျင်သည့် စည်းရုံးမှုများကိုလည်း NLDပါတီဝင်များအနေဖြင့် မပြုလုပ်ကြရန်လည်း တိုက်တွန်းခဲ့သည်။

"ပြည်သူပြည်သားကြားမှာ စိတ်ဝမ်းကွဲစေမယ့်စည်းရုံးမှုမျိုးတော့ ကျွန်မတို့ဘယ်တော့မှ မလုပ်ပါဘူး။ ကျွန်မတို NLD ကလည်းမလုပ်ပါနဲ့။ စိတ်ဝမ်းကွဲစေတာဟာ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ကို ထိခိုက်မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ကမူ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်မည့်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ရေး ၎င်းတို့က ပြည်သူများအကြား အသိပေးပညာပေးမှုများကို ပြုလုပ်ရန်၊ မဘသ ၏ ဒုတိယအကြိမ်မြောက် ညီလာခံကထုတ်ပြန်ထားသည်။

ယင်းအပြင်တစ်ခြား ပါတီကိုယ်စားပြု ဝင်ရောက်သည့် အမတ်လောင်းတစ်ချို့ကလည်း အမျိုးဘာသာသာသနာကို စောင့်ရှောက်မည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှု၊ ပါတီစည်းရုံးမှုများကို ပြုလုပ်နေကြသည်ဟု ပါတီတစ်ချို့တို့က ဝေဖန်နေကြသည်။

စက်တင်ဘာလ ၅ရက်၊ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွာသစ်ကျေးရွာတွင် "ပြည်သူလူထု ထံမှပြည်သူထံသို့" ခေါင်းစဉ်တပ်ကာ အမျိုးဘာသာသာသနာတော် တည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးပမ်းမည်ဟုဆိုကာ ရိုက်နှိပ်ထားသည့် ယပ်တောင်များကို အမှတ် ၁၀ အမျိုးသားလွှတ်တော်သို့ တစ်သီးပုဂ္ဂလ အဖြစ် ဝင်ပြိုင်မည့် လယ်/ဆယ်ညွှန်ချုပ်(ငြိမ်း)ဦးကျော်ဝင်းက ၎င်းကိုယ်စားပေးဝေကာ မဲဆွယ်ခဲ့သည်။

ယင်းအပြင် ဦးမြင့်လှိုင် လယ်/ဆည်ဝန်ကြီးကို မဲပေးရန်ရေးသားထားသည့် စာသားများပါသောထီးအပြင် "ဒီမိုကရေစီဖော်ဆောင်ရေး ဒို့ကိုယ်စားလှယ်ကို မဲတွေပေး" စာတမ်းပါသည့် လက်ကမ်းစာစောင်ဖြင့်လည်း ဦးကျော်ဝင်းက ၎င်းအတွက်မဲဆွယ်မှုကို ပြုလုပ်ခဲ့သည်ဟု ဒက္ခိဏသီရိမြို့နယ် ဒေသခံများမှသိရသည်။

NLD အဖွဲ့ဝင်များက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြားဥပဒေနှင့် ညှိုစွန်းမည့်ကိစ္စများကို မပြုလုပ်ရန် အလွန်အရေးကြီးပြီး ညိစွန်းမှုမရှိပေမယ့်လည်း NLD အနေဖြင့် ခံရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ်မှုများအတွက် ဖြစ်ပေါ်လာနိုင်ချေကို ဟိုပုံးမြို့ ရွေးကေက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ဝေဖန်ပြောဆိုခဲ့သည်။

"တစ်ချို့အဖွဲ့တွေကျတော့ လွှတ်ရင်လွှတ်ထားမှာ။ လက်တွေ့ကျကျ ကျွန်မတို့နားလည်ရမယ်။ ကျွန်မတို့ဟာ တရားဥပဒေစိုးမိုးရေးကိုလည်း ယုံကြည်တယ်။ တရားဥပဒေစိုးမိုးရေးက တိမ်းစောင်းရင် နိုင်ငံအတွက်မကောင်း သလို၊ အဖွဲ့ချုပ်ကိုလည်း အများကြီးထိခိုက်နိုင်တယ်။" ဟုလည်း သူမကထပ်မံပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်အမတ်လောင်းများသည် စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၆ရက်ထိ မဲဆွယ်စည်းရုံးမှုများကို တရားဝင်ပြုလုပ်ခွင့်ပြုထားသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၉၀မှ အမတ်လောင်း ၆၀၀၀ကျော် ဝင်ရောက်ရန် ပြင်ဆင်နေ ကြပြီး ယင်းတို့ထဲတွင် အာဏာရပါတီပြည်ခိုင်ဖြိုးနှင့် အတိုက်အခံပါတီ NLDတို့က မဲဆန္ဒနယ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly