မဲစာရင်းအမှားများမှု ကော်မရှင်များ အလုပ်မလုပ်ခြင်းကြောင့်ဟု ဧရာဝတီတိုင်း ကော်မရှင် ဥက္ကဋ္ဌ ပြော

မဲစာရင်းအမှားများမှု ကော်မရှင်များ အလုပ်မလုပ်ခြင်းကြောင့်ဟု ဧရာဝတီတိုင်း ကော်မရှင် ဥက္ကဋ္ဌ ပြော

ပုသိမ်၊ စက်တင်ဘာ ၂ ။        ။ ဧရာဝတီတိုင်းတွင် သြဂုတ်လအတွင်းက ရေကြီးရေလျှံမှုများ ပေါ်ပေါက်ခဲ့ရာ မှတ်ပုံတင်ပျောက်ဆုံးမှု၊ သန်းခေါင်းစာရင်း မရှိသူများအတွက်လည်း မဲပေးနိုင်အောင် စီစဉ်ထားသည်ဟု ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

"လူတိုင်းမဲပေးခွင့်ရအောင်လည်း စီစဉ်ထားပါတယ်၊ ရေကြီးလို့ မှတ်ပုံတင်ပျောက်သွားတာ၊ သန်းခေါင်စာရင်း မရှိတော့လည်း မဲပေးခွင့့်ရမှာပါ၊ မဲရုံ မှာ ပုံစံ-၁၂ ဖြည့်ပြီး ပေးခိုင်းမှာပါ၊ ကျွန်တော်တို့ လူတိုင်းမဲပေးခွင့်ရအောင်လုပ်ပေးမှာပါ" ဟု ဦးအောင်မြင့်က ကတိပေးသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သူစာရင်းများကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအသီးသီးမှ ထုတ်ပြန်ထားရာတွင် သေဆုံးသူများ ပါနေခြင်း၊ မှတ်ပုံတင်နံပတ်များ မှားယွင်းခြင်း၊ မွေးနေ့များ တစ်နေ့တည်းဖြစ်နေခြင်းစသည့် အမှားများ ပေါ်ပေါက်လာပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

ယင်းသို့သော မဲစာရင်းမှားယွင်းမှုများကိုလည်း ဧရာဝတီတိုင်းအတွင်း အမှားနည်းအောင် လုပ်ဆောင်နေပြီး ထိုသို့သော အမှားများသည် ဖြစ်ပေါ်ရခြင်းသည် ကော်မရှင်များ အလုပ်မလုပ်ခြင်းကြောင့် ဟုလည်း ဦးအောင်မြင့်က ပြောသည်။

"ကော်မရှင်ဥက္ကဋ္ဌတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မဲစာရင်းမှာ သေတာတွေ မပါတာတွေ ပြင်ဆင်လုပ်ဆောင်ဖို့ ဖုန်းဆက်ပြီးကော စာပို့ပြီးကော ပြောထားတယ်၊ အသေအချာပြောချင်တာ မဲစာရင်းမှာ အမှားများရင် ကော်မရှင်တွေ အလုပ်မလုပ်လို့" ဟု သူကဆိုသည်။

ဧရာဝတီတိုင်းအတွင်းမှ မဲဆန္ဒရှင်များ စာရင်းကို စက်တင်ဘာ ဒုတိယပတ်တွင် ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။ ဧရာဝတီတိုင်းအတွင်း ခန့်မှန်းမဲဆန္ဒရှင် ဦးရေမှာ ၄၂၂၈၅၈၆ဦးခန့်ရှိသည်။ ရှေ့ပြေး အခြေခံမဲဆန္ဒရှင်စာရင်းများ ကြေညာခဲ့ရာတွင် လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင် ရာခိုင်နှုန်းမှာ ၂၄ဒသမ၀၇ ရာခိုင်နှုန်းရှိသည်။  မဲစာရင်းတွင် မပါဝင်သောကြောင့် လာရောက်လျှောက်ထားသူ ၁ဒသမ၉၂ရာခိုင်နှုန်း ရှိခဲ့သည်။

ချက်အလက်များ မှားယွင်းမှုကြောင့် လာရောက်ပြင်ဆင်သူ ၃ဒသမ၀၈ရာခိုင်နှုန်းနှင့် ပြောင်းရွေ့သွားသူများနှင့် သေဆုံးပြီးသားသူများ ပါဝင်နေမှုကို ကန့်ကွက်ထုတ်ပယ်ရန် လျှောက်ထားသူ ၀ ဒသမ ၆၉ရာခိုင်နှုန်းရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို စက်တင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာမည်ဟုဆိုသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ရေဘေးသင့်သူများ၏ မဲစာရင်းလည်း ပါဝင်မည်ဖြစ်သည်။

မဲစာရင်းများကို  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် နှစ်ပတ်ကြာကပ်ထားပေးမည်ဖြစ်ပြီး ရေဘေးသင့်သူများအတွက် အချိန် ထပ်မံလိုအပ်ပါက  သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ထပ်တိုးအချိန်သတ်မှတ်ကာ  ပုံစံ(၂)နှင့် ပုံစံ(၂-က)တို့တွင် ထပ်မံ ထုတ်ပြန်ပေးမည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly