ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင််ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင််ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်တော်များအတွက် ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) 

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်၏ ဆောင်ရွက်မှုများသည်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တရားမျှတမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဇွန်၂၇ ရက်တွင် ဆိုသည်။

ဦးဝင်းကိုက “ ကော်မရှင် ကိုယ်တိုင်လည်း နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဒီရွေးကောက်ပွဲ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရတာ ဖြစ်တယ်၊ ပြဋ္ဌာန်းထားရာမှာ မည်သူမဆိုလို့ ပါတဲ့အတွက် ပါတီဝင်ရော၊ CSO (အရပ်ဘက်လူမှုအဖွဲ့အစည်း) တွေရော၊ မဲဆန္ဒရှင်တွေရော၊ မဲရုံဝန်ထမ်းတွေရော၊ ကော်မရှင်တွေရော၊ ဆပ်ကော်မတီတွေရော၊ UEC ဥက္ကဋ္ဌကြီး ဦးတင်အေးရော ဘယ်သူမှ ထိန်းချုပ် လို့မရပါဘူး။ ထိုးဖောက်လို့ မရပါဘူး။ ထိုးဖောက်ဖို့ ကြိုးစားရင် ထောင်ကျနိုင်တဲ့ စနစ်တစ်ခုဖြစ် တဲ့အတွက် ဒီဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ကျွန်တော်က တရားမျှတတယ်လို့ ဆိုချင်ပါတယ်” ဟု ဆိုသည်။

ဇွန် ၂၇ ရက်က ရန်ကုန်မြို့ orchid ဟိုတယ်တွင် ပြုလုပ်သည့်  “ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

တည်ဆဲဥပဒေများကို ချိုးဖောက်လုပ်ကိုင်သူမှန်သမျှ ဥပဒေအရ မတရားဘူးဟု ပြောရမည်ဖြစ် သကဲ့သို့ ယင်းသို့ လုပ်ကိုင်ဆောင်ရွက်ပါက ဥပဒေက မျက်နှာသာ မပေးဘဲ စီရင်သွားလိမ့်မည်ဖြစ် သည်ဟုလည်း ဦးဝင်းကိုက ဆိုသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ ဆွေးနွေးသည့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး လုပ်ဆောင်မည့် အဖွဲ့တစ်ခုဖြစ်သည့် ဖန်တီးအိမ်အဖွဲ့မှ စီမံကိန်း မန်နေဂျာ ဒေါ်ခင်လေးငယ်က” ကော်မရှင်က တရားမျှတမှု ရှိတယ် မရှိဘူး ပြောဖို့ စောနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ လိုသလို အလျော့အတင်း လုပ်လို့ရနေတဲ့ ဥပေဒတွေ ရှိတဲ့အတွက် ဥပဒေကြောင်းအရ ဟာကွက်တွေ ရှိနေလို့ပါ။ ဥပမာ- ကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်ဖို့ရာမှာ သမ္မတ ထောက်ခံသူဖြစ်မှ ဆိုတာမျိုးက အရည်အချင်းရှိပေမယ့် ထောက်ခံချက် လိုနေတာ မျိုးပေါ့။ ပြောရရင် ၂၀၀၈ အခြေခံဥပဒေကိုက ဟာကွက်ရှိနေတာပါ” ဟု ဆိုသည်။

လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်သည် အမိန့်အမှတ် ၁၁/၂၀၁၁ အရ သမ္မတက ဖွဲ့စည်းခဲ့ပြီး ယင်းအချိန်တွင် တည်ရှိနေသော ဥပဒေသည် ၂၀၁၀ ခုနှစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်၊ မတ်လ  ၁၉ ရက်တွင် ပြည်ထောင်စုလွှွှတ်တော်က ၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေကို ဖျက်သိမ်းခဲ့သည်။

သို့အတွက် ၂၀၁၀ ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အသက်မရှိတော့ သလို ယင်းဥပဒေအရ ဖွဲ့ခဲ့သော် ရွေးကောက်ပွဲ ကော်မရှင်သည်လည်း အသက် မဝင်တော့ကြောင်း၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန်အတွက် ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ တရားဝင် အမြန်ဆုံး ဖွဲ့စည်းသင့်ဟု ဥပဒေ ပညာရှင် ဦးကိုနီက မဇ္ဈိမကို ပြောကြားခဲ့သည်။  

ရွေးကောက်ပွဲ ကော်မရှင်အား ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံသည့် လှုပ်ရှားမှုကို ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်နှင့် ဥပဒေ ပညာရှင်များက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရန်ကုန်တိုင်းအတွင်း လှုပ်ရှားခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags