ရပ်စောက်မြို့နယ်တွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့၏ တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ရပ်စောက်မြို့နယ်တွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့၏ တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ဖေဖော်ဝါရီ ၁၁

စိုးသူအောင်

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ ကျောက်ဂူတိုက်နယ်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်ကြသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP) တို့၏ တိုက်ပွဲများကြောင့် ဒေသခံ ဦးရေ၂၀၀၀ ကျော်ထွက်ပြေးနေရကြောင်း စစ်ရှောင်နေသူ တစ်ဦး၏ စာရင်းအရသိရသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ထိ‌တွေ့တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကာ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရသည်။

“ရပ်စောက်မြို့ထဲလည်း ပြေးကြရတာရှိတယ်။ တချို့က နီးစပ်ရာ ဆွေမျိုးတွေ နားပြေးသွားကြတာလည်း ရှိတယ်။ လောလောဆယ် ခန့်မှန်းချေက အကုန်လုံးပြေးရတာဆိုတော့ လူဦးရေ ၂၀၀၀ ကျော်လောက်ရှိမယ်ဗျ” ဟု စစ်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ၎င်းပြုစုထားသည်စာရင်းအရ ပြောသည်။

တိုက်ပွဲအဓိကဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ ကျောက်ဂူကျေးရွာအပါအဝင် ရှမ်းရွာသုံးရွာ၊ ထမိန်းပေါင်းကျေးရွာ၊ ကွန်ဟိန်းကျေးရွာနှင့် ကျောက်ဆုံကျေးရွာ စုစုပေါင်း ရှစ်ရွာထက်မနည်းမှ ပြည်သူများမှာ ရွာအတွင်းပိတ်မိနေကြဆဲဖြစ်ကြောင်းလည်း ၎င်းကပြောပြသည်။

ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက် နှစ်ရက်အတွင်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် RCSS ဘက်မှ ကျောက်ဂူကျေးရွာ၏ တောင်ဘက်ပိုင်းသို့ ဆုတ်ခွာသွားကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဘုန်းဟန်က မဇ္ဈိမကိုပြောသည်။

သို့သော် “ RCSS ဘက်က ပြန်တက်လာပြီး ထိုးစစ်ဆင်ရင်တော့ တိုက်ပွဲဖြစ်လာနိုင်သေးတယ်” ဟု ၎င်းက စစ်ရေးအခြေအနေကို သုံးသပ်ထားသည်။

ဖေဖော်ဝါရီ ၉ ရက်ကလည်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ တိုက်ပွဲဖြစ်ပွား‌နေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နှစ်စင်းဖြင့် လေကြောင်းကတစ်ဆင့် လာရောက်ပစ်ခတ်မှုပြုလုပ်သည့်အတွက် SSPP တပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဗိုလ်မှူးကြီးစိုင်းဘုန်းဟန် ကမဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း RCSS၏ တပ်မဟာမှူးတစ်ဦးအပါအဝင် တပ်သား ဦးရေ၂၀ ကျော်နှင့် လက်နက်မျိုးစုံ ၃၀ ခန့်ကို သိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်းလည်း ၎င်းကပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲဧရိယာမှာ ခြောက်ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ ကျယ်ပြန့်သည့်အပြင် ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးက အင်အားအများအပြားဖြင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို မသိရသေးကြောင်း RCSS ပြောခွင့်ရ ဗိုလ်မှူးခမ်းစံမှ မဇ္ဈိမကို ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်သည့်ကိစ္စရပ်နှင့် ပတ်သက်၍လည်း “ဖြစ်လို့ရှိရင်တော့ စကစ(စစ်ကောင်စီ) ဘက်ကမြတ်မှာပဲလေ။ လေယာဉ်နဲ့လာပစ်တဲ့အချိန်မှာ ကျွန်တော်တို့ RCSS နားလည်း ဗုံးလာကျတယ်ဗျ။ အဲ့တာကြောင့် ပြန်ခွာရတာပေါ့” ဟု ၎င်းကပြောသည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့လုံးမှပြောရေးဆိုခွင့်ရှိသူများသည် တိုက်ပွဲမဖြစ်ချင်ကြောင်းနှင့် လူထုကို အားနာကြောင်းအပြင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်ထားကြောင်း မဇ္ဈိမကိုပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်ဖက်အဆက်အသွယ်ထားရှိသော်လည်း ဆွေးနွေးပွဲများမှာ ဖြစ်မလာကြောင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ပြစ်တင်ပြောဆိုမှုများလည်း ရှိနေသည်။

လက်ရှိ ရပ်စောက်မြို့နယ်ရှိ ကျောက်ဂူတိုက်နယ်တွင်လည်း တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ရေးတင်းမာမှုများ ရှိနေသေးကြောင်း စစ်ရေးလေ့လာသူက ဆိုသည်။

လက်ရှိတွင် ကျေးရွာပေါင်း ၂၀ ခန့်မှ စစ်ဘေးရှောင်များမှာ နီးစပ်ရာ မြို့နယ်၊ ကျေးရွာများရှိ ဆွေမျိုးနှင့် အသိမိတ်ဆွေတို့၏ နေအိမ်အပြင် ဘာသာရေးဆိုင်ရာအဆောက်အအုံများတွင် နေထိုင်ကြရသည်ဖြစ်၍ တိုက်ပွဲ ရှည်ကြာမည်ဆိုပါက အခက်အခဲရှိနိုင်ကြောင်း ဒေသခံက ပြောသည်။

“ရောဂါကတစ်မျိုး၊ တိုက်ပွဲကတစ်မျိုးဆိုတော့ ကျွန်တော်တို့မှာ ဒီထက်ဆိုးစရာမကျန်တော့ဘူးလို့ ထင်တယ်။ အဲ့တာကြောင့် နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းကြဖို့တော့တောင်းဆိုချင်တယ်” ဟု အဆိုပါဒေသခံက မေတ္တာရပ်ခံ ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required