စစ်တက္ကသိုလ်သို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး သွားရောက်လေ့လာ

စစ်တက္ကသိုလ်သို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး သွားရောက်လေ့လာ
ဇန်နဝါရီ ၁၂ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသည့် KNUဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
 

နေပြည်တော်(ဇန်နဝါရီ ၁၃)။ ။ မေမြို့(ခေါ်)ပြင်ဦးလွင်မြို့ရှိ အစိုးရစစ်တက္ကသိုလ်သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီ ၁၃ရက်တွင် သွားရောက်လေ့လာခဲ့ကြောင်း KNU၏ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက မဇ္ဈိမကို အတည်ပြုသည်။

"လေ့လာတယ်ဆိုတာလည်းဗျာ၊ ကျွန်တော်တို့နိုင်ငံရဲ့ စစ်တက္ကသိုလ်ကို သွားလေ့လာတာ တစ်ခြားနိုင်ငံမှာတော့ မထူးခြားဘူးဗျ။ စစ်တက္ကသိုလ်ဆိုတာက နိုင်ငံတော်ကို ကာကွယ်ဖို့ လေ့ကျင့်တဲ့နေရာကိုး။ ဒါကိုသွားလေ့လာတာ ဘာမှထူးဆန်းတဲ့ အရာမဟုတ်ဘူး" ဟု စောကွယ်ထူးဝင်းက ဇန်နဝါရီ ၁၃ရက်၊ ညနေပိုင်းတွင် ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပြုလုပ်နေသည့် နေပြည်တော်မှတစ်ဆင့် ပြင်ဦးလွင်စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာခြင်းလည်း ဖြစ်သည်။

အစိုးရတပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၂ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဖိတ်ခေါ်ထားသည်။

သို့သော် ပြင်ဦးလွင်စစ်တက္ကသိုလ်သို့ KNUဥက္ကဌ သွားရောက်လည်ပတ်ခြင်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်သည့် အကြောင်းအရာနှင့် သက်ဆိုင်ခြင်းမရှိဟု စောကွယ်ထူးဝင်းက ပြောသည်။

"အခြေခံကတော့ဗျာ၊ တိုင်းရင်းသားတွေအခွင့်အရေးနဲ့ နိုင်ငံရေးပြဿနာပြေလည်လို့ရှိရင်တော့ ကျွန်တော်တို့ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် တိုင်းရင်းသားတွေကလည်း တာဝန်ရှိရှိ ပူးပေါင်းဆောင်ရွက်မှာပဲဗျ။ အခုလောလောဆယ်ကတော့ ဒီအခြေခံပြဿနာရှင်းပြီးမှပဲ သူ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ပြောတဲ့ဟာတွေ ဖြစ်လာမယ်ထင်တယ်" ဟု စောကွယ်ထူးဝင်းက မှတ်ချက်ပြုသည်။

ဇန်နဝါရီလ ၁၂ရက်ကစပြီး ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်တွင် ကျင်းပလျက်ရှိပြီး ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်နှုတ်ဆက်စကားပြောခဲ့သေးသည်။ အဆိုပါ ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှသာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရရှိနိုင်မည်ဟု ထောက်ပြပြောဆိုထားသည်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလိုပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို ရရှိမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သေချာစေမှာဖြစ်ကြောင်းလည်း ထောက်ပြလိုပါတယ်" ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ရက်မှ ၁၆ရက်နေ့ထိ ၅ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly