သမ္မတဟောင်းအတွက် ကိုယ်ရံတော်ခန့်အပ်မှု အတွက် မူလသတ်မှတ်ချက်အတိုင်းသာထားရန် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

သမ္မတဟောင်းအတွက် ကိုယ်ရံတော်ခန့်အပ်မှု အတွက် မူလသတ်မှတ်ချက်အတိုင်းသာထားရန် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
ပြည်သူ့လွှတ်တော် အဆောက်အအုံအတွင်း တပ်မသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

နေပြည်တော်၊ ဇန်နဝါရီ ၁၃ ။ ။ နိုင်ငံတော်သမ္မတသည် မည်သည့် နိုင်ငံရေးပါတီမှဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်ဖြစ်စေ နိုင်ငံတော်၏ အကြီးအကဲတစ်ဦးဖြစ်၍ သမ္မတဟောင်း၏ လုံခြုံရေးတပ်ဖွဲ့ နှင့် ကိုယ်ရံတော် ခန့်အပ်ရာတွင် "သက်ဆိုင်ရာဝန်ကြီးဌာနများမှ ခေါ်ယူခန့်အပ်နိုင်သည်" ဆိုသည့် စကားရပ်ကို အတည်ပြုပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းကဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုသားလွှတ်တော်သို့ ပေးပို့လာသည့် ယင်းဥပဒေကြမ်း နှင့် ပတ်သက်၍ ယနေ့ (ဇန်နဝါရီ ၁၃ရက်)၌ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်အဝေးတွင် တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး နှင့် ရွေးကောက်ခံကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“မည်သည့် နိုင်ငံရေးပါတီမှဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်ဖြစ်စေ ကျွန်တော်တိုရဲ့ အကြီးအကဲများသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အထွဋ်အထိပ်နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများကိုလည်း ကျွန်တော်တို့ရဲ့ အကြီးအကဲအဖြစ် အစဉ်လေးစာနေမှာဖြစ်ပါတယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းကပြောသည်။

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်ရံတော်ခန့်အပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှသာ ခန့်အပ်ရမည်ဟု အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်း အပေါ် အမျိုးသားလွှတ်တော်အမတ်လေးဦး၏ ဆွေးနွေးချက် နှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီတွင် ဆွေးနွေးပွဲပြုလုပ်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ယင်းဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် သဘောထားကွဲလွဲမှုရှိပါက ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly