ဝန်ကြီးတွေဆီက သေချာတဲ့ကတိရဖို့ ဘာလုပ်မလဲလို့ အမတ်တွေကို NLD စာမေးပွဲစစ်

ဝန်ကြီးတွေဆီက သေချာတဲ့ကတိရဖို့ ဘာလုပ်မလဲလို့ အမတ်တွေကို NLD စာမေးပွဲစစ်
၂၀၁၅ရွေးကောက်ပွဲအတွက် NLD ရန်ကုန်တွင် မဲဆွယ်စည်းရုံးဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် လူထုကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ မဇ္စျိမ။

ရန်ကုန်၊ ဇန်နဝါရီ ၁၂။          ။လွှတ်တော်တွင်လာရောက်ဖြေဆိုလေ့ရှိသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများထံမှသေချာသည့် ကတိအဖြေရရှိရေး အမတ်များမည်သို့လုပ်ဆောင်ရမည်ကို မေးခွန်းအဖြစ် ၎င်း၏ အမတ်များကိုစာမေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ထည့်သွင်းစစ်ဆေးခဲ့သည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သည့် NLD အမတ်များကို သင်တန်းပေးအပြီး စာမေးပွဲစစ်ရာတွင် မေးမြန်းခဲ့သည့် မေးခွန်းအတွင်းထည့်သွင်းမေးမြန်းခဲ့ခြင်းလည်းဖြစ်သည်။

"လွှတ်တော်အတွင်းမေးခွန်းမေးရင်  ဝန်ကြီးတွေကယေဘူယျတွေပဲဖြေတယ်၊ အဲဒီလိုဆိုရင်ကိုယ့်မေးခွန်းတွေ အတွက် အဖြေရဖို့၊ မှတ်တမ်းတင်နိုင်ဖို့အတွက်၊ အချိန်ကိုက်၊ ပေးထားတဲ့အချိန်အတွင်း တိုတိုနဲ့လိုရင်းကို ထိထိရောက်ရောက် မေးမြန်းနိုင်ပြီး အဖြေရအောင်လုပ်နိုင်ဖို့ ဘာလုပ်မလဲလို့ ပထမမေးခွန်းမှာ ဖြေရတယ်။" ဟု မန္တလေးတိုင်းလွှတ်တော် တောင်သာ အမှတ်(၂) မှအနိုင်ရရှိထားသူ ဦးဝိုင်းချစ်အောင်က မဇ္ဈိမကိုပြောသည်။

NLD က ရွေးကောက်ပွဲအနိုင်ရရှိထားသည့် ၎င်းတို့၏ အမတ်များကို လွှတ်တော်အတွင်းမေးခွန်းမေးမြန်းခြင်း၊ အခြေခံဥပဒေပါ ဥပဒေပြုရေး၊ လွှတ်တော်ဆိုင်ရာဖွဲ့စည်းပုံတို့အပြင်၊ ပါတီစည်းမျဉ်းစည်းကမ်းများ၊ ပါတီ၏ ၂၀၁၅ရွေးကောက်ပွဲ ကြေငြာစာတမ်းကို သင်ကြားပေးပြီး စားမေးပွဲစစ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၅နှစ်နီးပါးအတွင်း ပြည်သူ့လွှတ်တော်သို့ ဝန်ကြီးများလာရောက်ဖြေကြားမှုအပေါ် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က "သူတို့(ဝန်ကြီး)တွေလာဖြေတာ ယေဘူယျကြီးပဲ၊ ဖြစ်တာရှိသလို၊ မဖြစ်တာလည်း ရှိတယ်။ မဖြစ်တာကအများဆုံးပဲ၊ တစ်ကယ်အကောင်အထည်ဖော်တဲ့ အခါမှာလည်း အပေါ်ကယေဘူယျဖြေထားတော့ အောက်ခြေကလည်းဦးတည်ပြီးလုပ်တဲ့နေရာမှာက ပြောစရာတွေဖြစ်တယ်။ တာဝန်ခံမှုကလုံးဝမရှိဘူး။" ဟုဆိုသည်။

၂၀၁၆ခုနှစ် လွှတ်တော်အသစ်အတွက်တာဝန်ထမ်းဆောင်မည့်အမတ်များအနေနှင့်လည်း ၎င်းတို့အနေဖြင့် ရရှိသည့်ဂတိစကားများကို ဥပဒေနှင့်အညီအမှန်တစ်ကယ်လုပ်ဆောင်ပေးခြင်းရှိမရှိကို သေချာလေ့လာစောင့် ကြည့်ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်သည်ဟုလည်း ၎င်းကပြောသည်။

NLDက အမတ်များကို မေးခွန်းနှစ်ပိုင်းထုတ်ကာ၊ စစ်ဆေးခြင်းဖြစ်သည်။ ပထမပိုင်းတွင် လွှတ်တော်ရေးရာနှင့် လွှတ်တော်အတွင်းမေးခွန်းမေးမြန်းမှုအတွက် မေးခွန်း၂ခုနှင့်၊ ဒုတိယပိုင်းကို ပါတီရွေးကောက်ပွဲကြေငြာစာတမ်း နှင့် ပါတီစည်းမျဉ်းများအတွက် မေးခွန်း ၂ခုအတွက် တစ်ပိုင်းလျှင် နာရီဝက်ခွင့်ပြုကာ စာအုပ်ကြည့်ဖြေသည့် စနစ်ဖြင့်ဖြေဆိုခိုင်းခဲ့ခြင်းလည်းဖြစ်သည်။

 "ပါတီရဲ့စည်းမျဉ်းတွေ၊ ပါတီသမိုင်းနဲ့၊ လွှတ်တော်ရေးရာကိစ္စကိုကိုယ်သဘော့ထားအမြင်နဲ့ ဆွေးနွေးဖြေဆို ခိုင်းတာ၊ မေးခွန်းမေးမယ့်ပုံကို ထိထိမိမိတိုတိုမေးဖို့ကိုလည်းမေးတဲ့အပြင် အရင်အမတ်တွေကနေလည်း ဖလှယ်ပြောပေးတာတွေရှိတယ်၊ မဏ္ဍိုင် ၃ရပ်ထိန်းညှိရေးနဲ့ ဘာကြောင့်လိုတာလဲ စသဖြင့်ပေါ့။" ဟု နေပြည်တော်တွင်ပို့ချသည့် သင်တန်းတွင် တက်ရောက်စားမေးပွဲ ဖြေဆိုပြီးခဲ့သည့် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရထားသူ ဦးသန့်ဇင်ထွန်းက ပြောသည်။

 NLD က ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှ ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁၆ရက်အထိ မန္တလေး၊ ရှမ်း၊ ကချင်၊ စစ်ကိုင်၊ ချင်း၊ ကယားမှ အမတ်များကို သင်တန်းအပတ်စဉ်(၁) နှင့် (၂)အဖြင့် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၊ မကွေး၊ ရခိုင်၊ ပဲခူး(အနောက်)မှ အမတ်များကို အပတ်စဉ်(၃) အဖြင့် ပြည်မြို့ နှင့် ရန်ကုန်၊ မွန်၊ ပဲခူး(အရှေ့)၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကရင်တို့ကို အပတ်စဉ်(၄) နှင့် (၅)အဖြင့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် လည်းကောင်း အဖွဲ့လိုက်ခွဲကာသင်တန်းပို့ချမည်ဖြစ်ပြီး လက်ရှိတွင် သင်တန်းအမှတ်စဉ် ၄အဖြစ် ရန်ကုန်တွင် ပြုလုပ်နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags