ထာဝရငြိမ်းချမ်းရေးရအောင် တာဝန်ထမ်းဆောင်ဖို့ အသင့်ပဲလို့ ဒေါ်စုပြော

ထာဝရငြိမ်းချမ်းရေးရအောင် တာဝန်ထမ်းဆောင်ဖို့ အသင့်ပဲလို့ ဒေါ်စုပြော
ငြိမ်းချမ်းရေးညီလာခံတွင် နှုတ်ဆက်စကားပြောနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-သက်ကို/မဇ္ဈိမသတင်းဌာန)

နေပြည်တော်(ဇန်နဝါရီ ၁၂)။ ။ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တာဝန်ထမ်းဆောင်ရန် အသင့်ပဲဟု နိုဝင်ဘာရွေးကောက်ပွဲရလဒ်များအရ အစိုးရတစ်ရပ်ဖွဲ့စည်းရန် လပိုင်းသာလိုတော့သည့် NLDပါတီ၏ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"ပြည်သူပြည်သား တိုင်းရင်းသားများက ကျွန်မတို့ကို ပေးထားသော လုပ်ပိုင်ခွင့် အာဏာပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့် ရှိပါတယ်။ အားလုံးက ပူးပေါင်းပါဝင် ကူညီကြမယ်လို့လည်း အထူးမျှော်လင့်ပါတယ်" ဟု ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်တွင် နေပြည်တော်ရှိ MICC-2တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထာဝရငြိမ်းချမ်းရေးရအောင် တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေပြီဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲမှုနှင့် နားလည်မှုမလွဲကြရန်လည်း ပြောဆိုသည်။

"ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းကြားမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲပြားဖို့ အရေးကြီးပါတယ်။ မတရားအသင်းမှ ပယ်ဖျက်ခံရပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ မတရားအသင်းမှ ပယ်ဖျက်ခြင်း မခံရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြားမှာ နားလည်မှု လွဲမှားခြင်း မဖြစ်စေဖို့လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်" ဟု ညီလာခံအဖွင့်နှုတ်ဆက်စကားတွင် သူမက ထည့်သွင်းပြောဆိုခဲ့သည်။

ယခုပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပြုလုပ်ခြင်းသည် သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း အကောင်အထည်ဖော်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့နှင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးနိုင်မှု၏ နောက်ဆက်တွဲဖြစ်သည်။ ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၈)ဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည်  နှစ်ပေါင်း ၆၀ကျော်ကြာ အခြေတည်လာသည့် ပြည်တွင်းစစ်ရပ်စဲရေး အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်တက်လာမည့် NLDအစိုးရအား အခြေခံအုတ်မြစ်ချပေးခဲ့ခြင်းဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ညီလာခံအဖွင့်မိန့်ခွန်းတွင် ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ထံ အစိုးရတာဝန်များကို လွဲှပြောင်းပေးတဲ့ ကိစ္စတွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က ဆိုသည်။

အစိုးရသက်တမ်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဦးစားပေးအကောင်အထည်ဖော်မည်ဟု ပြောဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထူးလိုအပ်နေသည်ဟု ပြောသည်။

"အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လျစ်လျူရှုထားလို့ မရပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိဘဲနဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး" ဟု သူမက အခိုင်အမာ ပြောသည်။

ထို့ပြင် လက်ရှိ ၂၁ရာခုနှစ်နှင့်ကိုက်ညီသည့် ပင်လုံညီလာခံမျိုး မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က "နည်းပညာသစ် အခွင့်အလမ်းသစ်များကို အသုံးချပြီး ယခင်က မစွမ်းဆောင ်နိုင်ခဲ့တာမျိုးကို ယခုအခါမှာ အောင်အောင်မြင်မြင် လုပ်နိုင်ခြင်းဖြင့် ၂၁ ရာစုနှစ် ညီလာခံကြီးကို ကျင်းပနိုင်မှာပါ" ဟု ဆိုသည်။

ငြိမ်းချမ်းရေးညီလာခံတွင် သမ္မတဦးသိန်းစိန်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့လည်း အဖွင့်မိန့်ခွန်းပြောကြသည်။

ညီလာခံသို့ အစိုးရမှ ၇၅ဦး၊ လွှတ်တာ်မှ ၇၅ဦး၊ အစိုးရတပ်မတော်မှ ၁၅၀ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၁၅၀ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ဦး၊ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၅၀ဦးနှင့် အခြားဖိတ်ကြားသူ ၅၀ဦး၊ စုစုပေါင်း ၇၀၀ဦးခန့် တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly