ငြိမ်းချမ်းရေးမရသေးခြင်းက လက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းကြောင့်မဟုတ်ဟု သူရဦးရွှေမန်းပြော

ငြိမ်းချမ်းရေးမရသေးခြင်းက လက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းကြောင့်မဟုတ်ဟု သူရဦးရွှေမန်းပြော
ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးခြင်းမှာ လက်နက်ကိုင် ပဋိပက္ခတစ်ခုတည်းကြောင့် မဟုတ်ဘဲ အမျိုးသားအချင်းချင်း တိုင်းရင်းသားအချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတမဖြစ်ခြင်း၊ အသာစီးရလိုခြင်းများကြောင့် ဆိုတာကို နားလည်ပြီဟု ထင်မြင်ကြောင်း သူရဦးရွှေမန်းကပြောသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ။ ။ ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးခြင်းမှာ လက်နက်ကိုင် ပဋိပက္ခတစ်ခုတည်းကြောင့် မဟုတ်ဘဲ အမျိုးသားအချင်းချင်း တိုင်းရင်းသားအချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတမဖြစ်ခြင်း၊ အသာစီးရလိုခြင်းများကြောင့် ဆိုတာကို နားလည်ပြီဟု ထင်မြင်ကြောင်း သူရဦးရွှေမန်းကပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ်လက်မှတ်ရေးထိုးအပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့နှင့်အတူ မိန့်ခွန်းပြောကြားခဲ့သည့် သူရဦးရွှေမန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေး မရှိသေးဘူးဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ အမျိုးသားအချင်းချင်း တိုင်းရင်းသားအချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတမဖြစ်ခြင်း၊ ရန်လိုခြင်း၊ အနိုင်ယူ အသာစီးရလိုခြင်းများကြောင့် ဆိုတာကိုလည်း နားလည်သဘောပေါက်ကြပြီလို့ ထင်ပါတယ်။ ထိုကိစ္စများကို သဟဇာတ ညီညွတ်မျှတအောင် မိတ်ဆွေများဖြစ်လာအောင် လုပ်ဆောင်ကြရ ပါမယ်။” ဟု သူရဦးရွှေမန်းကပြောသည်။

ယခုကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံ၊ အမွေဆက်ခံမည့် အစိုးရ၊ ခေါင်းဆောင်များ၊ နိုင်ငံသားများ နှင့် နိုင်ငံရေးပါတီများတွင်လည်း ယင်းကိစ္စရပ်များအပေါ် အဖြေရှာဆောင်ရွက်ရန် တာဝန်ရှိနေပြီဟု ၎င်းကဆိုသည်။

“ရွှေမြန်မာတွေလို့ မည်ကဲ့သို့ပင် အမွှန်းတင်စကားတွေ၊ သမိုင်းကြောင်းတွေနဲ့ ပြောနေကြပါစေ၊ နိုင်ငံအတွင်းမှာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူအများအပြား ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြလို့ ဂုဏ်မတင့်နိုင်ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။” ဟု သူရဦးရွှေမန်းကပြောသည်။

အမှားအမှန် ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခွင့်မရှိဘဲ ကိုယ့်ဘက်ကို မှန်သည်ဟု ထင်မြင်ယူဆကာ ပြောဆိုနေကြဆဲဖြစ်ပြီး နောက်ဆုံးတွင် အသက် နှင့် ခန္ဓာစွန့်ခဲ့ရသူများ ၊ ကိုယ်လက်အင်္ဂါ စွန့်ခဲ့ရသူများ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများရဲ့ အသက်နှင့် ခန္ဓာတွေကို စတေးခံခဲ့ခြင်းသာ အဖတ်တင်ကျန်ရစ်ခဲ့သည်ဟု သူရဦးရွှေမန်းကပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ တက်သိပညာရှင်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ရက်မှ ၁၆ရက်ထိ ငါးရက်တာ နေပြည်တော်ရှိ MICC 2 ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly