အစိုးရသစ်အတွက် ငြိမ်းချမ်းရေးအုတ်မြစ်ချပေးခဲ့ပြီလို့ သမ္မတပြော

အစိုးရသစ်အတွက် ငြိမ်းချမ်းရေးအုတ်မြစ်ချပေးခဲ့ပြီလို့ သမ္မတပြော
ငြိမ်းချမ်းရေးညီလာခံတွင် အဖွင့်မိန့်ခွန်းပြောနေသော သမ္မတဦးသိန်းစိန်(ဓာတ်ပုံ-သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၂)။ ။ နှစ်ပေါင်း ၆၀ကျော်ကြာ အခြေတည်လာသည့် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်တက်လာမည့် အစိုးရအား အခြေခံအုတ်မြစ်ချပေးခဲ့ပြီးဖြစ်သည် ဟု သမ္မတသက်တမ်း ၂လကျော်သာလိုတော့သည့် ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

“ကျွန်တော်တို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ထံ အစိုးရတာဝန်များကို လွဲှပြောင်းပေးတဲ့ ကိစ္စတွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရသစ်ထံ စနစ်တကျ လွဲှပြောင်းနိုင်ရေးအတွက် အထူးအရေးပါလှတဲ့ ဆောင်ရွက်ချက် တစ်ခုလည်း ဖြစ်ပါတယ်” ဟု ဇန်နဝါရီ ၁၂ရက်က နေပြည်တော်ရှိ MICC-2တွင် ပထမဆုံးအကြိမ်ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် သမ္မတက ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာရေးသည် ယနေ့ပြုလုပ်သည့် ညီလာခံမှ ဆွေးနွေးမှုများအပေါ်မူတည်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်ခြင်းဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ အစိုးရသစ် လက်ထက် ပေါ်ပေါက်လာမယ့် ညီလာခံမှာ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ဒီကနေ့ ဆွေးနွေးမှုများကို အကောင်းဆုံး စုစည်းနိုင်ခြင်းအပေါ်မှာ မူတည်မယ်ဆိုတာ ကိုလည်း သတိပြုကြစေလိုပါတယ်” ဟု သမ္မတဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကာ နှုတ်ခွန်းဆက်စကားပြောဆိုခဲ့ပြီး သူမအနေဖြင့် ထာဝရငြိမ်းချမ်းရေးကိုရယူဖို့ အဆင်သင့်ဖြစ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

“NLDအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်ရေးကို လက်ကိုင်ထားခဲ့ပါတယ်” ဟု အစိုးရသက်တမ်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကကြိုးပမ်းလုပ်ဆောင်မည်ဟု ပြောဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးညီလာခံတွင် သမ္မတဦးသိန်းစိန်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့လည်း အဖွင့်မိန့်ခွန်းပြောကြသည်။

ညီလာခံသို့ အစိုးရမှ ၇၅ဦး၊ လွှတ်တာ်မှ ၇၅ဦး၊ အစိုးရတပ်မတော်မှ ၁၅၀ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၅၀ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ဦး၊ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၅၀ဦးနှင့် အခြားဖိတ်ကြားသူ ၅၀ဦး၊ စုစုပေါင်း ၇၀၀ဦးခန့် တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags