ငြိမ်းချမ်းရေးညီလာခံတွင် အကြီးအကဲ(၅)ဦး မိန့်ခွန်းပြောမည်

ငြိမ်းချမ်းရေးညီလာခံတွင် အကြီးအကဲ(၅)ဦး မိန့်ခွန်းပြောမည်
နေပြည်တော်တွင်ပြုလုပ်သည့် UPDJCအစည်းအဝေး(ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၁)။ ။ ဇန်နဝါရီ ၁၂ရက်တွင် ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖြစ်လာတော့မည့် NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း အကြီးအကဲ(၅)ဦးမှ နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက ဇန်နဝါရီ ၁၁ရက် ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ညီလာခံတွင် မိန့်ခွန်းပြောကြားမည့်သူ(၅)ဦးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် KNUဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ ဖြစ်သည်။

ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့်အပေါ် စောကွယ်ထူးဝင်းက "ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီရဲ့ ဥက္ကဌအနေနဲ့ အခုလို ပထမဆုံးညီလာခံမှာ နှုတ်ဆက်မိန့်ခွန်းစကားပြောမယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ တစ်ကယ်ကို ဝမ်းသာမိပါတယ်။ အများကြီး ကျေနပ်၊ အားရမိပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် ဇန်နဝါရီ ၁၂ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ညီလာခံသို့တက်ရောက်မည့် ကိုယ်စားလှယ်အချိုးအစားမှာ အစိုးရမှ ၇၅ဦး၊ လွှတ်တာ်မှ ၇၅ဦး၊ အစိုးရတပ်မတော်မှ ၁၅၀ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၅၀ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ဦး၊ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၅၀ဦးနှင့် အခြားဖိတ်ကြားသူ ၅၀ဦး၊ စုစုပေါင်း ၇၀၀ဦးခန့် တက်ရောက်ကြမည် ဖြစ်သည်။

ညီလာခံတက်ရောက်မည့် တိုင်းရင်းသားများမှာလည်း နေပြည်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

သို့သော် အဆိုပါညီလာခံသို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က တက်ရောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly