မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှု၌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေ ပါဝင်ရလိမ့်မည်ဟု ဖိလစ်ပိုင် ပြော

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှု၌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေ ပါဝင်ရလိမ့်မည်ဟု ဖိလစ်ပိုင် ပြော

ဇန်နဝါရီ ၁၇

စစ်အာဏာသိမ်းမှု ဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က "မရှိမဖြစ်" ဖြစ်သလို လက်ရှိတွင် သူမကို ပြစ်ဒဏ်ချမှတ်ထားသော်ငြား ငြိမ်းချမ်းရေးဆွေးနွေးမှုမှန်သမျှတွင် သူမ မဖြစ်မနေ ပါဝင်ရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့်အပတ်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ပြစ်ဒဏ်ထပ်မံချမှတ်ခဲ့မှုအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရို လော့ဆင်က ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီသည် တရားရေးစနစ်ကို အသုံးချပြီး ယင်း၏ ယှဉ်ပြိုင်ဘက်များ ဖိနှိပ်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ယင်းသည် ယမန်နှစ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းမှုအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးထံမှ ပြင်းထန်စွာ ပြစ်တင်ပြောဆိုမှုတစ်ခုလည်း ဖြစ်သည်။

မြန်မာတွင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေးအတွက် အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုခဲ့သည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီကင် ဟွေဖတ် ၏ မှတ်ချက်စကားများအတိုင်း ၎င်းလည်း ထပ်တူရပ်တည်မည် ဖြစ်ကြောင်း လော့ဆင်က ပြောခဲ့သည်။

"မြန်မာမှာ အရပ်သားပြည်သူတွေ ထိခိုက်ခံစားနေရတာနဲ့ပတ်သက်လို့ ကျွန်တော် အထူးတလည် စိုးရိမ်ပူပန်ဖြစ်ရပါတယ်၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတစ်ခုမှာ ပါဝင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် ပြန်စဖို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေကို ကျွန်တော် တောင်းဆိုတယ်" ဟု ၎င်းက ပြောခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်ရေး ကတိကဝတ်များ လိုက်နာရန် ပျက်ကွက်မှုအတွက် ယမန်နှစ်က အာဆီယံအုပ်စုက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးမဖိတ်ဘဲ ချန်လှပ်ခဲ့မှု ရှိခဲ့ပြီးနောက် အာဆီယံနိုင်ငံများက မြန်မာစစ်တပ်အပေါ် တိုးမြှင့် ဖိအားပေးနေစဉ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက် ထွက်ရှိလာခြင်းဖြစ်သည်။

ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ လုပ်ဆောင်ပါက အဓိပ္ပါယ် ရှိမည်မဟုတ်ဟု လော့ဆင်က ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ထားတယ်ဆိုပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ သူမ ပါကို ပါဝင်ရပါလိမ့်မယ်၊ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံမှာ ဒီမိုကရေစီစနစ် ဖော်ဆောင်မှုကနေ ကြောက်စရာ ဘာမှ မလိုသလို တိုးတက်မှုတွေသာ ရစရာ ရှိပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

"မင်းမဲ့စရိုက်၊ နိုင်ငံပြိုကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်စေဖို့ မရှိတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ် ပါပဲ" ဟု ၎င်းက ပြောသည်။

အလားတူ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်ရာတွင် တိုးတက်မှု ရစေရေးအတွက် ဖိလစ်ပိုင်အနေဖြင့် တွန်းအားပေးသွားမည် ဖြစ်ကြောင်း လော့ဆင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required