ဦးဝဏ္ဏမောင်လွင်တက်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဦးဝဏ္ဏမောင်လွင်တက်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဇန်နဝါရီ ၁၃

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဆက်ဆံကိုင်တွယ်မှုနှင့်ပတ်သက်၍ အာဆီယံအုပ်စုအကြား အမြင်သဘောထားကွဲလွဲမှု နက်ရှိုင်းနေသည့် လက္ခဏာရပ်များ ရှိနေစဥ် မကြာမီ ကျင်းပရန် ရှိနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယခုအခါ အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူသည့် ကမ္ဘောဒီးယားအတွက် အစမကောင်းသည့် အခြေအနေတစ်ခု ဖြစ်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် အပန်းဖြေမြို့ ဆီယမ် ရိ(ပ်) တွင် ကျင်းပရန် စီစဥ်ထားခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရကြောင်းနှင့် အကြောင်းမှာ အာဆီယံနိုင်ငံများ၏ အဖွဲ့ဝင် ဝန်ကြီးအချို့သည် အစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်ရန် အခက်အခဲ ရှိနေ၍ ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြန်လည်ကျင်းပမည့် ရက်ကို လက်ရှိအချိန်တွင် မသတ်မှတ်ရသေးပေ။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မလေးရှား၏ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာသည် ယင်းနိုင်ငံ၏ မကြာသေးခင်က ဖြစ်ခဲ့သည့် ရေလွှမ်းမိုးမှုနှင့် စပ်လျဥ်းပြီး အရေးပေါ် ပါလီမန် အစည်းအဝေးတစ်ခု ရှိနေ၍ အာဆီယံ အစည်းအဝေး တက်ရောက်နိုင်မည် မဟုတ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ဆိုင်ဖူဒင် ကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးများသည် ဆီယမ် ရိ(ပ်) အစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ရန် အဆိုရှိသော ကမ္ဘောဒီးယား၏ အစီအစဥ်ကို ဆန့်ကျင်သည့် နည်းလမ်းတစ်ခုအဖြစ် အစည်းအဝေးကို ရှောင်ခြင်း ဖြစ်နိုင်ကြောင်း သံတမန်ရေးရာ လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

ဖနွမ်းပင်သည် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုကို အဆုံးသတ်စေရေး လုပ်ဆောင်ရန်အတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုကို သီးခြားခွဲထုတ်ဖယ်ကြဥ်ခြင်းအစား ဆွေးနွေးညှိနှိုင်းမှုဘက်ကို ဇောင်းပေးရွေးချယ်ထားခဲ့သည်။ ထို လုပ်နည်းကိုင်နည်းသည် တရုတ်နှင့် ဂျပန်ကဲ့သို့ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ထောက်ခံမှု ရရှိထားပုံ ရှိသည်။

သို့ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် မတူညီသော အမြင်သဘောထားများ ရှိနေသည်။

"ဒါကတော့ မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားရဲ့ ဖိတ်ကြားမှုကြောင့် ဖြစ်လာတဲ့ ထွက်ပေါက်မဲ့ အခြေအနေကို ကိုင်တွယ်ဖို့ ရိုးရှင်းပြီး တုံးတိဖြစ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်" ဟု ပစိဖိတ်ဖိုရမ် think-tank အဖွဲ့မှ WSD-Handa အသင်းဝင်တစ်ဦးဖြစ်သည့် ဟန်တာ မာ့စ်တန်က ပြောခဲ့သည်။

အာဆီယံအုပ်စုသည် ယမန်နှစ်က မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ဘဲ ချန်လှပ်ထားရန် ဆုံးဖြတ်လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly