မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် မတူကွဲပြားသည့် လုပ်နည်းကိုင်နည်းများ သုံးမည်ဟု ကမ္ဘောဒီးယား ပြော

မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် မတူကွဲပြားသည့် လုပ်နည်းကိုင်နည်းများ သုံးမည်ဟု ကမ္ဘောဒီးယား ပြော

ဇန်နဝါရီ ၉

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မတောင်းခဲ့သလို မြန်မာ့အကျပ်အတည်းအတွက် "မတူခြားနားသော လုပ်နည်းကိုင်နည်းများ" ကိုသာ ရွေးချယ်အသုံးပြုသွားလိမ့်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက ဇန်နဝါရီ ၈ ရက်တွင် ပြောဆိုခဲ့သည်။

ပရက်ခ် ဆော့ခွန်း၏ မှတ်ချက်စကားများအရ ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယားအနေဖြင့် ဇန်နဝါရီ ၁၇ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုနှင့် စတင်ဖွယ် ရှိနေသည့် အာဆီယံ အစည်းအဝေးများတွင် အာဏာသိမ်းစစ်အုပ်စု တာဝန်ရှိသူများကို ဖိတ်ကြားသွားဖွယ် ရှိသည် ဆိုသည့် အလားအလာတစ်ခုကို ညွှန်ပြနေသည်။

အာဆီယံသည် ယမန်နှစ်က မကြုံစဖူး လုပ်ဆောင်မှုအဖြစ် ယင်း၏ တစ်နှစ်တာ ခေါင်းဆောင်များ ထိပ်သီးညီလာခံတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချန်လှပ်ဖယ်ကြဉ်ထားခဲ့သည်။

၁၉၉၇ ခုနှစ်က အာဏာသိမ်းမှုတစ်ခုဖြင့် အာဏာရခဲ့ပြီး ယင်းနောက်ပိုင်း ရွေးကောက်ပွဲများတွင်လည်း နိုင်ငံရေး အတိုက်အခံများကို ဖြိုခွင်းဖိနှိပ်မှုများအတွက် ဝေဖန်ခံထားခဲ့ရသည့် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ် လာရောက်ခဲ့ပြီး စနေနေ့က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာခဲ့သည်။

၎င်း၏ ခရီးစဉ်က မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းမှုကြောင့် လများကြာ ဆန္ဒပြပွဲများ၊ သွေးထွက်သံယို ဖြိုခွင်းနှိမ်နင်းမှုတို့ကို ဖြစ်ပေါ်စေခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ပြည်ပနိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်း ဖြစ်ခဲ့သည်။

မြန်မာနှင့်အတူ ရပ်တည်မှုအတွက် ဟွန်ဆန်ကို မင်းအောင်လှိုင်က ကျေးဇူးတင်စကား ဆိုခဲ့ကြောင်း စစ်အုပ်စု ထိန်းချုပ်သည့် မီဒီယာက စနေနေ့တွင် ဖော်ပြသည်။ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်းနှင့် ယင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က ပြောထားသည်။

ယခု ခရီးစဉ်က အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြု ထောက်ခံသည့် သဘောမဟုတ်ကြောင်း ဟွန်ဆန်နှင့်အတူ မြန်မာခရီးစဉ် အတူလိုက်ပါခဲ့သည့် ပရက်ခ် ဆော့ခွန်းက စနေနေ့က ပြောသည်။ ယင်းက ပြီးခဲ့သည့် ဧပြီလက သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်ရန် လုပ်ဆောင်မှု အခြား နည်းလမ်းတစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်။

ဟွန်ဆန်သည် ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မတောင်းခဲ့ကြောင်းလည်း ၎င်းက အတည်ပြုသည်။

မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန် တာဝန်ကို ရယူဖွယ် ရှိသည့် ပရက်ခ် ဆော့ခွန်းက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အာမခံချက် မရဘဲ မြန်မာခရီးစဉ် သွားရန် လက်ရှိ အာဆီယံအထူးသံတမန် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး၏ ငြင်းဆိုမှုက အကျိုးဖြစ်ထွန်းခဲ့ခြင်း မရှိဟု ပြောခဲ့သည်။

"တကယ်လို့ သူတို့က နံရံအထူတစ်ခု ဆောက်ထားလို့ အဲဒါကို ကျွန်တော်တို့က ခေါင်းနဲ့ တိုက်မယ်ဆိုရင် ဒါက အချည်းနှီးပဲ ဖြစ်ပါလိမ့်မယ်" ဟု ပရက်ခ် ဆော့ခွန်းက သတင်းထောက်များကို ပြောသည်။ "ဘုံသဘောတူညီချက် ငါးချက် အောင်မြင်ဖို့ ကမ္ဘောဒီးယားအနေနဲ့ မတူကွဲပြားတဲ့ ချဉ်းကပ်နည်းတွေ သုံးမယ်" ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly