Droneများကို မှတ်ပုံတင်ပြီး အသုံးပြုစေရန် အစိုးရ စီစဉ်နေ

Droneများကို မှတ်ပုံတင်ပြီး အသုံးပြုစေရန် အစိုးရ စီစဉ်နေ
၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၆ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏမြို့ဦးစေတီကွင်းတွင်ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးပွဲတွင် Droneကို အသုံးပြုကာ မှတ်တမ်းရိုက်ကူးနေစဉ်၊ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
 

နေပြည်တော်(ဇန်နဝါရီ ၆)။ ။ မောင်းသူမဲ့လေယာဉ်/ရဟတ်ယာဉ်(Drones)များကို အလေးချိန်နှင့် စွမ်းဆောင်နိုင်မှုအပေါ် ခွဲခြားသတ်မှတ်ကာ စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့်လက်မှတ် ထုတ်ပေးခြင်း၊ မြေပြင်မှ  ထိန်းချုပ်မောင်းနှင်သူများအား စိစစ်ရန်အတွက် လိုအပ်သော လုပ်ထုံး၊ လုပ်နည်းများ ထုတ်ပြန်ရန် စီစဉ်နေသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

လေယာဉ်ကွင်းများအနီးနှင့် လေယာဉ်အတက်၊ အဆင်း လမ်းကြောင်းများတွင် အသုံးပြုပါက လေယာဉ်ပျက်ကျ သည်အထိ အန္တရာယ်ရှိနိုင်သည့်အတွက် မပျံသန်းရဇုန်များ သတ်မှတ်ထုတ်ပြန်သွားမည် ဟုလည်း ဦးဇင်ယော်က ပြောသည်။

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်(Drones)များကို စနစ်တကျ တရားဝင်အသုံးပြုခွင် မှတ်ပုံတင်ပေးရန် ဇန်နဝါရီ ၆ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်(၂)မှ အမျိုးသားလွှတ်တော်အမတ် ဦးညွှန့်တင်၏ မေးခွန်းထုတ်မှုအပေါ် ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်(Drones)များအား ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးရေးလုပ်ငန်း၊ ရာသီဥတုနှင့် ဘေးအန္တရာယ်လေ့လာရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ တံတားနှင့် အထပ်မြင့် အဆောက်အဦများ၏ ကြံ့ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်း၊ လမ်းပိတ်ဆို့မှုစောင့်ကြည့်ရေးလုပ်ငန်း၊ သုတေသနလုပ်ငန်း ၊ ကာကွယ်ရေးလုပ်ငန်းစသည့် အကျိုးပြုလုပ်ငန်းများတွင် အသုံးဝင်သလို အကြမ်းဖက်လုပ်ရပ်များတွင်လည်း အသုံးပြုလာနိုင်သည်ဟု ဦးဇင်ယော်က ဆိုသည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းကာ တားမြစ်ဧရိယာ၊ ကန့်သတ်ဧရိယာ၊ အန္တရာယ်ရှိသည့်ဧရိယာများတွင် သတ်မှတ်သွားမည်ဟုလည်း ဦးဇင်ယော်က လွှတ်တော်တွင် ပြောသည်။

ထို့ပြင် လေတပ်စခန်းများ၏ ပျံသန်းရေးနယ်မြေများအတွင်း ဝင်ရောက်ပျံသန်းမည်ဆိုပါက ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ထံမှ ခွင့်ပြုချက်တောင်းခံကာ သက်ဆိုင်ရာ လေတပ်စခန်းဌာနချုပ်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ပျံသန်းရမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags