ဦးသိန်းစိန်အစိုးရက ၅ရက်သာ နိုင်ငံရေးဆွေးနွေးမည်

ဦးသိန်းစိန်အစိုးရက ၅ရက်သာ နိုင်ငံရေးဆွေးနွေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၅။          ။အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ ၈ဖွဲ့နှင့် ဦးသိန်းစိန်အစိုးရတို့က နိုင်ငံရေးဆွေးနွေးမှုကို ၅ရက်သာဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်က ဇန်နဝါရီ ၅ရက်တွင်မဇ္ဈိမကိုပြောသည်။

လက်ရှိအစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က နိုင်ငံရေးဆွေးနွေးပွဲကို ၁၂ရက်မှ ၁၆ရက်အထိ နေပြည်တော်တွင် ပြုလုပ်ရန် ဇန်နဝါရီ ၅ရက်တွင်ပြုလုပ်သည့် ၏ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မင်းကတင်ပြခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

"အခုအစိုးရသက်တမ်းလည်း ကုန်တော့မှာဆိုတော့ ၅ရက်အတွင်းဆွေးနွေးပြီး ကျန်တာကိုနောင်အစိုးရနဲ့ ဆက်ပြီးသွားဖို့ပြောတာပါ။ အဲဒီတော့ဒီနေ့အစည်းအဝေးမှာ ၅ရက်အတွင်း ဘာတွေဆွေးနွေးမယ်ဆိုတာကို ဆွေးနွေးကြတယ်။ ၅ရက်မှာ အလွန်ဆုံး ၃ရက်လောက်ပဲဆွေးနွေးနိုင်မှာ။ ကျန်တဲ့ရက်တွေက မိန့်ခွန်းပြောတာ ဘာညာနဲ့ကုန်မှာပါ။" ဟု ဦးစိုင်းကျော်ညွှန့်ကပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများကို နေပြည်တော်ရှိ၊ အားကစားရွာအဖြစ်တည်ဆောက်ထားသော အဆောက်အဦးများ တွင်ကျင်းပရန်လည်း ရည်ရွယ်ထားကြောင်း UPDJC ဒု-ဥက္ကဋ္ဌ ဦးသုဝေကဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် UPDJC အတွင်းရေးမှူးအဖွဲ့က ဦးဆောင်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး အတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ဇန်နဝါရီ၊ ၅၊ ၆ နှင့် ၇ရက်နေ့အထိ ရန်ကုန်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဋ္ဌာနတွင် ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းအတွင်းရေးမှူးအစည်းအဝေးပြီးပါက အစည်းအဝေးတွင်ဆွေးနွေးထားသည့်အကြောင်းအရာများကို ဆုံးဖြတ်မည့် UPDJC အစည်းအဝေးကို နေပြည်တော်တွင် ဇန်နဝါရီ ၉ရက်နှင့် ၁၀ရက်တွင် ပြုလုပ်ရန် လျာထားသည်။

ဦးသိန်းစိန်အစိုးရက ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီတို့အပါအဝင် လက်နက်ကိုင် ၈ဖွဲ့ဖြင့် အောက်တိုဘာ ၁၅ရက်တွင် အပစ်ရပ်လက်မှတ်ရေးခဲ့ပြီး အပစ်ရပ်စာချုပ်ပါ ဂတိပြုချက်များအရ နိုင်ငံရေးမူဘောင်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ရန်ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရသည် ၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၂၀၁၅ခုနှစ်အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တာဝန်လွှဲပြောင်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly