NLDအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲလို့ ဦးခင်အောင်မြင့်ပြော

NLDအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲလို့ ဦးခင်အောင်မြင့်ပြော

နေပြည်တော်(ဒီဇင်ဘာ ၃၀)။ ။ ၂၀၁၆ခုနှစ်တွင် အစိုးရဖြစ်လာမည့် NLDအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ပါပဲဟု နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲများတွင် မန္တလေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်နေရာတွင် အနိုင်ရရှိထားသော လက်ရှိအမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။

“ပူးပေါင်းဆောင်ရွက်ဖို့ကတော့ အသင့်ပါပဲ” ဟု ဦးခင်အောင်မြင့်ကဆိုကာ “လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို တက်တက်ကြွကြွဆောင်ရွက် မှာပေါ့” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဒီဇင်ဘာ ၃၀ရက်တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးခင်အောင်မြင့်က ၂၀၁၆ခုနှစ်အတွက် နှစ်သစ်ဆုတောင်းအဖြစ် အောက်ပါအတိုင်း ပြောဆိုခဲ့သေးသည်။

“အားလုံး အေးချမ်းသာယာဝပြောပြီးတော့ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို ချီတက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဦးခင်အောင်မြင့်က ဆုတောင်းစကား ပြောသည်။ ဦးခင်အောင်မြင့်သည် နိုဝင်ဘာ ရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမတ်လောင်းများအနက် အမျိုးသားလွှတ်တော်အတွက် အနိုင်ရရှိခဲ့သူ ၁၁ဦးထဲမှ  တစ်ဦးအပါအဝင် ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုတွင် ဒီဇင်ဘာ ၂၄ရက်က ထိုင်းတရားရုံးတွင် သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသားနှစ်ဦးအား တရားဥပဒေ၏ အစောင့်အရှောက်ကို ရရှိပါစေဟု ဦးခင်အောင်မြင့်က ဆန္ဒပြုကာ အဆိုပါကိစ္စကို “အခြေအနေ စောင့်ကြည့်နေတယ်” ဟု ဆိုသည်။

ဦးခင်အောင်မြင့်အား ၁၉၄၆ခုနှစ်တွင် ပဲခူးတိုင်း၊ ဘုရားကလေးကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၆၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ၁၉၉၇ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ Diploma in Defence Security ကို ရရှိခဲ့သည်။

၁၉၆၅ခုနှစ်မှ ၁၉၉၇ခုနှစ်ထိ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုတပ်မမှူးအဆင့်အထိ အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ချုပ်ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၂၀၀၆ခုနှစ်၊ အောက်တိုဘာတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ၂၀၀၆ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ လေးနှစ်ကြာ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ်(၈) ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဌဖြစ်လာသူ ဖြစ်သည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲများတွင်လည်း ဦးခင်အောင်မြင့်က ထပ်မံ အနိုင်ရရှိထားသည်။

(ဦးခင်အောင်မြင့် ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်အား မဇ္ဈိမ၏ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သော https://www.facebook.com/MizzimaDaily/ တွင် ဆက်လက် ဖော်ပြသွားပါမည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly