အမေရိကန်နိုင်ငံတွင် မြန်မာကာတွန်းဆရာ နှင့် စာရေးဆရာ ၃ ဦး၏ ကာတွန်း၊ ပန်းချီနှင့် လက်မှုပစ္စည်းများ ပြသ

အမေရိကန်နိုင်ငံတွင် မြန်မာကာတွန်းဆရာ နှင့် စာရေးဆရာ ၃ ဦး၏ ကာတွန်း၊ ပန်းချီနှင့် လက်မှုပစ္စည်းများ ပြသ

နိုဝင်ဘာ ၁၃

အမေရိကန်နိုင်ငံ North Carolina တွင် မြန်မာကာတွန်းဆရာ လဂွန်းအိမ် ၊ ဝေယံ (တောင်ကြီး) နှင့် စာရေးဆရာ မမြူပါးရ်တို့မှ ကာတွန်း၊ ပန်းချီနှင့် လက်မှုပစ္စည်းများကို နိုဝင်ဘာ ၁၂ရက် ညနေ ၅နာရီမှ ည ၈နာရီအထိ ပြသခဲ့ကြသည်။

အဆိုပါ ပြပွဲတွင် နွေဦးတော်လှန်ရေး ကာတွန်းများ နှင့် ရုပ်ပြကာတွန်းများကို ပြသခဲ့ပြီး စာရေးဆရာမမြူပါးရ်မှ ရွှံ့ရုပ် အနုပညာလက်ရာများ ပြသခဲ့ကာ အမေရိကန်ပြည်သူများက စိတ်ဝင်တစား လာရောက်အားပေး ကြကြောင်း သိရှိရသည်။

"ကျွန်တော်ကတော့ တော်လှန်ရေးကာလဆွဲတဲ့ ကာတွန်းတွေပဲ ပြဖြစ်တယ်။ မြန်မာ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အမေရိကန်ပြည်သူတွေသိတော့ တော်တော် အံ့သြကြတယ်။ အထူးသဖြင့် ကလေးတွေ သတ်ဖြတ်တာကို သူတို့တော်တော်စိတ်ဝင်တစား မေးကြတယ်။ အဲလိုအထိလုပ်တယ်ဆိုတာကို သူတို့ အခုကာတွန်းတွေကြည့်ပြီးမှ သိရတော့ စစ်အာဏာရှင်ရဲ့ ယုတ်မာကောက်ကျစ်မှုကို ပြသနိုင်ခဲ့တာ အမြတ်ပဲ။ တချို့တွေကလည်း ရိုဟင်ဂျာကာတွန်းတစ်ခုနှစ်ခုပါတော့ ရိုဟင်ဂျာဂျီနိုဆိုက်ကိစ္စတွေပါ ပြောပြဖြစ်ခဲ့တယ်။ အောက်ဆီဂျင်အိုး သိမ်းတာတွေလည်း ပြောဖြစ်ခဲ့တယ် " ဟု အဆိုပါပြပွဲနှင့်ပတ်သက်၍ ကာတွန်းဝေယံ(တောင်ကြီး)က ပြောသည်။

ပါဝင်ပြသရာတွင် ကာတွန်းပုံများ အခု ၂ဝကျော် ပါဝင်ပြီး များသောအားဖြင့် စာမဲ့ကာတွန်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကာတွန်းလဂွန်းအိမ်မှလည်း ရုပ်ပြကာတွန်း ၁ဝပုံခန့်နှင့် ရေဆေးပန်းချီကား ခြောက်ကားကျော် ပြသခဲ့ကြောင်း သိရှိရသည်။

စာရေးဆရာမမြူပါးရ်၏ လက်မှုအနုပညာပစ္စည်းများ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ ပါဝင်ပြသခဲ့ပြီး ရွှံ့ရုပ်ကယ်ရီကေးချားများမှာ အမေရိကန်ပြည်သူများစိတ်ဝင်တစားကြည့်ရှူကြပြီး ဒေါက်တာတေဇာဆန်း ၏ ရွှံ့ရုပ်ပုံငယ်ကိုလည်း ပြပွဲလာ အမေရိကန်ပြည်သူများမှ စိတ်ဝင်တစား မေးမြန်းကြကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required