အာဏာအလွဲသုံးရင်အရေးယူမယ့်ပြဋ္ဌာန်းချက် ပါသင့်တယ်လို့ NLD စီအီးစီပြော

အာဏာအလွဲသုံးရင်အရေးယူမယ့်ပြဋ္ဌာန်းချက် ပါသင့်တယ်လို့ NLD စီအီးစီပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၂။          ။သမ္မတဟောင်းများကိုအကာအကွယ်ပေးသည့် ဥပဒေမူကြမ်းတွင် အာဏာကိုအလွဲသုံးပါကအရေးယူ နိုင်မည့် ပြဋ္ဌာန်းချက်လည်း ပါသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှူဆောင် (စီအီးစီ)တို့က ဒီဇင်ဘာ ၂၂ရက်တွင် မဇ္ဈိမကိုပြောသည်။

"သဘောရိုးမဟုတ်ပဲ အာဏာအလွှဲသုံးစားလုပ်ရင်တော့ ဒါကိုတော့အကာအကွယ်မပေးသင့်ဘူး။" ဟု NLD ဗဟိုအလုပ်အမှူဆောင် ဦးထွန်းထွန်းဟိန်ကပြောသည်။

သမ္မတတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်စဉ်တွင် ရိုးရိုးသားသားဆုံးဖြတ်လုပ်ဆောင်ခဲ့သည့် အကြောင်းအရာကြောင့် တစ်ဦးတစ်ယောက်အပေါ်ထိခိုက်ခဲ့မှုနှင့် ပက်သက်ပြီး တရားစွဲဆိုမှုမရှိစေရန်နှင့် ၎င်းအတွက်လုံခြုံရေးကို ဥပဒေပြဋ္ဌာန်းကာ အကာအကွယ်ပေးသင့်တယ်ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းပါ အခန်း ၄၊ ပုဒ်မ ၁၀တွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်အရဆောင်ရွက် ချက်များကိုအကြောင်းပြုလျက် ယင်းအားတရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟုရေးသားထားသည်။

"တရားဥပဒေစိုးမိုးရေးနဲ့သွားရင် ပြစ်မှုကျူးလွန်ရင်ဥပဒေရှိတယ်၊ ဥပဒေနဲ့အရေးယူရမယ်။ နိုင်ငံသားတစ်ဦး အနေနဲ့တော့ တစ်ဦးတစ်ယောက်တည်းကို ကာကွယ်ထားတယ်ဆိုတာတော့သိပ်နည်းမကျဘူး။ ဒါဆိုတရား ဥပဒေစိုးမိုးရေးမဟုတ်တော့ဘူး။ ဒီဥပဒေကိုမပြဋ္ဌာန်းခင်၊ လူထုဆန္ဒကိုလည်းဘယ်လိုလဲဆိုတာ နားထောင် သင့်တယ်။" ဟု NLD ဗဟိုအလုပ်အမှူဆောင် ဦးကျော်ခင်က မဇ္ဈိမကိုပြောသည်။

ဥပဒေကိုချိုးဖောက်ပါက ဥပဒေအတိုင်းအရေးယူမှုများပြုလုပ်မှသာ ဥပဒေအထက်တွင်မည်သူမျှမရှိစေရ ဟူသည့် အချက်နှင့်လည်းကွဲလွဲနေသည်ဟု ၎င်းကဆိုသည်။

ယင်းဥပဒမူကြမ်းပါ နိုင်ငံတော်သမ္မတထမ်းဆောင်ခဲ့သူလုံခြုံရေးအတွက် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီး ဌာနတို့မှ သတ်မှတ်ပေးသည့်ကိုယ်ရံတော်နှင့် အဖွဲ့များကိုအသုံးပြုကာ လုံခြုံရေးဆောင်ရွက်ပေးရမည်ဟု ဆိုသည်မှာ ဥပဒေအရ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ ရသင့်ရထိုက်သော်လည်း ပြည်သူအားလုံး တို့ကိုလည်း လုံခြုံစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

"တစ်ဦးတစ်ယောက်ကနစ်နာရင်တာဝန်မဆုံးခင်မှာပဲ တရားစွဲခွင့်ရှိတာ၊ တာဝန်ချိန်ဆုံးရင်လည်း ဆက်လက်ခွင့် ပေးရမှာပဲ အဲဒီလိုမဟုတ်ရင်တော့ ရာသက်ပန်ဥပဒေအထက်မှာရောက်နေသလိုဖြစ်မှာပါ။ အဓိကတော့ အဲဒီကပုဒ်မ ၁၀ကို ကျွန်တော်တို့လုံး၀ သဘောမတူဘူး၊ အမေရိကန်စံလိုပြေရင်လည်း နိုင်ငံအခြေအနေက လုံးဝကွဲတယ်။ ဟိုမှာကနိုင်ငံသားတိုင်းအကာအကွယ်ရတယ်။" ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅တွင်လည်း နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြားဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း သမ္မတအားအပ်နှင့်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့် များကိုကျင့်သုံး ဆောင်ရွက်မှု၊ သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော်ပြုလုပ်မှု အတွက်မည်သည့် လွှတ်တော်၊ မည်သည့်တရားရုံးတွင်းမျှဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင်ယင်းကဲ့သို့ တာဝန်မရှိစေခြင်း သည် သမ္မတအားဖွဲ့စည်းပုံပါစွပ်စွဲ ပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသေးသည်။

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာများက ဒီဇင်ဘာ ၂၁ရက်တွင် ပြည်သူများထံသို့အသိပေးဖော်ပြခဲ့သည်။ ယင်းဥပဒေမူကြမ်းကို ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုက ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်။ ပြည်သူ့လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၂၁ရက်တွင်ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags