စာမေးပွဲအောင်ချက်ကျသည့် အကြောင်းရင်း ဒုဝန်ကြီးဖြေရှင်းချက် ဦးခင်အောင်မြင့် ပြင်းပြင်းထန်ထန်ဝေဖန်

စာမေးပွဲအောင်ချက်ကျသည့် အကြောင်းရင်း ဒုဝန်ကြီးဖြေရှင်းချက် ဦးခင်အောင်မြင့် ပြင်းပြင်းထန်ထန်ဝေဖန်
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်အား မဲဆွယ်စည်းရုံးကာလအတွင်း တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၂၂)။ ။ ချင်းပြည်နယ်တွင် (၃)နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် အနိမ့်ဆုံးအထိ ကျဆင်းနေမှုအပေါ် အမတ်တစ်ဦး၏ မေးခွန်းထုတ်မှုကို လွှတ်တော်တွင် လာရောက်ဖြေကြားသော ပညာရေးဒုဝန်ကြီး၏ ဖြေရှင်းချက်အား အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ဒီဇင်ဘာ ၂၂ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် အနိမ့်ဆုံးကျဆင်းမှုအပေါ် လွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်က မေးခွန်းထုတ်ခဲ့ရာ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်း၏ ပြန်လည်ဖြေကြားမှုအပြီး ဦးခင်အောင်မြင့်က ဝေဖန်လိုက်ခြင်း ဖြစ်သည်။

ဦးစတီဗင်သာဘတ်၏ မေးခွန်းကို ဦးသန့်ရှင်းက ဖြေကြားပြီးပြီးချင်း "အောင်ချက်ကောင်းချင်ရင် ကလေးမှာ သွားတက်၊ ပခုက္ကူမှာ သွားတက်ဆိုတာတော့ မဟုတ်ဘူးပေါ့။ သဘောက ချင်းပြည်နယ်မှာပဲ အောင်ချက်ကောင်းအောင် ဆောင်ရွက်ပေးဖို့ အဲ့ဒီမှာ ပညာရေးမှူးတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးတယ်" ဟု ဦးခင်အောင်မြင့်က ထောက်ပြပြောဆိုကာ ပညာရေးမှူးများ၏ စိတ်ဓာတ်ကို ပြုပြင်ရမည်ဟု ဝေဖန်ခဲ့သည်။

ချင်းပြည်နယ်တွင် မိဘများက ဆင်းရဲပြီး ပညာရေးတွင် အားပေးမှု နည်းပါးခြင်း၊ ကျောင်းသားများ၏ သင်ယူလိုစိတ် နည်းပါးခြင်း၊ စာတော်သည့် ကျောင်းသားများမှာလည်း ကလေး၊ ပခုက္ကူ၊ မန္တလေးမြို့များတွင် သွားရောက်သင်ကြားခြင်းကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက်ကျရခြင်းဖြစ်သည်ဟု ဒုဝန်ကြီး၏ ဖြေကြားချက်အပေါ် ဦးခင်အောင်မြင့်က ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

"တစ်တိုင်းပြည်လုံးမှာ ဘယ်ပြည်နယ်တွေက အောင်ချက်တွေ နည်းနေလဲ၊ အသေးစိတ်လိုက်ပြီး စစ်ဆေးရမယ်။ အဲ့ပြည်နယ်တွေကလည်း ဆင်းရဲမှုမှာများတဲ့ ပြည်နယ်တွေ ဖြစ်နေတော့ ဒီပြည်နယ်တွေ တိုးတက်ဖို့ ဆင်းရဲမှုပပျောက်ဖို့က ဒါက အဓိကအချက်ကျတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး အလေးထားဖို့ လိုတယ်" ဟု ဦးခင်အောင်မြင့်က ထောက်ပြပြောဆိုသည်။

"ပညာရေးမှူး တစ်ယောက်ကို မေးကြည့်တယ်။ ခင်ဗျားတို့ ကျောင်းတွေကွင်းဆင်းပြီး စစ်ရဲ့လားဆိုတော့ ကျွန်တာ်တို့ သိပ်မသွားနိုင်ဘူး၊ ရုံးအလုပ်တွေ များတယ်ပြောတယ်။ အဲ့တော့ ဝင်စာ၊ ထွက်စာ ဘယ်နှစ်စောင်ရှိလဲ မေးတယ်၊ မဖြေနိုင်ဘူး၊ ရုံးမှာပဲ ထိုင်ချင်တဲ့စိတ် ရှိတယ်" ဟုလည်း ဦးခင်အောင်မြင့်က ၎င်း၏ အတွေ့အကြုံကို လွှတ်တော်တွင် ပြောဆိုခဲ့သည်။

မေးခွန်းမေးမြန်းခဲ့သည့် ဦးစတီဗင်သာဘိတ်ကလည်း ပညာရေးဝန်ထမ်းများ အရည်အသွေးမြှင့်မားလာအောင် ပြုပြင်ပေးခြင်းနှင့် မြို့ပေါ်နှင့် ကျေးလက် ကျောင်းသားများ၏ အောက်ချက်ကို နှိုင်းယှဉ်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

"ဆရာ၊ ဆရာမများကိုယ်တိုင် အဆင့်မမှီတာလား။ အဆင့်မမှီတာ အဘယ့်ကြောင့်ပါလဲ။ အဆင့်မှီအောင် အရာရှိ ပုဂ္ဂိုလ်များက ဘယ်လို စီမံထားရမှာလဲ။ စာသင်ချိန် နည်းလို့လား။ မြို့ပေါ်နဲ့ ကျေးရွာ ကျောင်းသားများ အောင်ချက်များအတွက် စမ်းသပ်လေ့လာမှု ရှိရဲ့လား။ ကျူရှင်တက်သော ကျောင်းသားနဲ့ ကျူရှင်မတက်သော ကျောင်းသားများကို လေ့လာဆန်းစစ်မှုရှိရဲ့လားဆိဲတဲ့ အချက်များအပေါ်မှာ တာဝန်ရှိသူများအနေနဲ့ လေ့လာမှု၊ ပြုပြင်မှု၊ အားထုတ်မှု၊ သုံးသပ်မှု မရှိဘဲနဲ့တော့ တိုးတက်မှုလမ်းကြောင်းက ဝေးနေဆဲဖြစ်နေမယ်လို့ ယူဆပါတယ်" ဟု ဦးစတီဗင်သာဘိတ်က ပြောသည်။

ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်း၏ ပြောဆိုချက်အရ လက်ရှိ ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းစုစုပေါင်း (၁၃၇၂)ကျောင်းရှိပြီး သင်ကြားရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမဦးရေ (၇၈၄၃)တို့ကို ခန့်အပ်ထားသည်ဟု ဆိုသည်။

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းမှာ ၂၀၁၃ခုနှစ်တွင် ၁၆ရာခိုင်နှုန်း၊ ၂၀၁၄ခုနှစ်တွင် ၈ရာခိုင်နှုန်းနှင့် ၂၀၁၅ခုနှစ်တွင် ၁၇ရာခိုင်နှုန်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly