ပြည်နယ်ဝန်ကြီးချုပ်များကို တိုင်းရင်းသားများသာ ခန့်အပ်မည်

ပြည်နယ်ဝန်ကြီးချုပ်များကို တိုင်းရင်းသားများသာ ခန့်အပ်မည်
၂၀၁၄ခုနှစ်၊၊ စက်တင်ဘာလ ၁၁ရက်နေ့က၊ နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကရင်လူမျိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁။          ။ တိုင်းရင်းသားပြည်နယ်များ၏ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် နေရာများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDမှ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသာအမတ်များကို ခန့်အပ်မည်ဟု ပါတီဗဟိုအလုပ်အမှူဆောင် ဒေါ်နန်းခင်ထွေးမြင့်က ဒီဇင်ဘာ ၂၁ရက်တွင် မဇ္ဈိမကိုပြောသည်။

"NLD က အရင်ကတည်းက အစိုးရဖွဲ့နိုင်အောင်လို့ကြိုးစားခဲ့တာ၊ ဝန်ကြီးချုပ်တွေကို တတ်နိုင်သမျှ ပြည်နယ်ထဲက ရွေးချယ်ခံတိုင်းရင်းသားတွေကိုခန့်မှာပဲ။ တိုင်းရင်းသားမရှိရင်တော့တစ်မျိုးပေါ့။ ခန့်အပ်ဖို့ အသက်မပြည့်တဲ့ သူတွေဆိုရင်လည်းမခန့်နိုင်ဘူးပေါ့" ဟု ၎င်းကပြောသည်။

NLD ကခန့်အပ်ရန်လျာထားသည့် အနိုင်ရတိုင်းရင်းသားအမတ်များရှိမရှိနှင့် ၎င်းတို့အတွက် အရည်အချင်းများ သတ်မှတ်ထားမှုရှိမရှိတို့ကိုမူ မသိရှိရသေးပေ။

လက်ရှိ NLDက ပြည်ထောင်စုလွှတ်တော်အတွင်း နှင့် အစိုးရဖွဲ့နိုင်သည့် ရာခိုင်နှုန်းကို ကျော်လွန်သည့် ရလာဒ်ကို အနိုင်ရရှိထားပြီးဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်နေရာများတွင်လည်း NLD ကသာနေရာအများစုအနိုင်ရထားခြင်းလည်းဖြစ်သည်။

"ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းရင်းသားပဲဖြစ်သင့်တယ်၊ ရခိုင်ပြည်နယ်မှာဆိုရင်လည်း ကျွန်တော်တို့အားလုံး နီးပါး နိုင်ပေမယ့် ဖွဲ့စည်းပုံအရဆိုရင် NLDက သမ္မတနေရာရလို့ဝန်ကြီးချုပ်ကိုသူတို့ခန့်ရမှာ။ အဲဒါဆိုရင်လည်း ရခိုင်တိုင်းရင်းသားကိုခန့်ပေးသင့်တယ်လို့ပြောချင်တယ်။ ကျွန်တော်တို့ရခိုင်အမျိုးသားပါတီကတော့ ရခိုင် ဝန်ကြီးချုပ်အတွက်လျာထားသူဆိုပြီးမရှိသေးပါဘူး။" ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှူဆောင် ဦးအေးသာအောင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်လွှတ်တေ်ာနေရာ၈နေရာသာအနိုင်ရရှိထားပြီး ကျန်နေရာအားလုံး ကို ရခိုင်အမျိုးသားပါတီကအနိုင်ရထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကိုခန့်အပ်ရာတွင် သတ်မှတ်ထားသည့် အရည်အချင်းများဖြစ်သည့် အသက် ၃၅နှစ်ပြည့်ပြီးသူ၊ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းများနှင့် ကိုက်ညီပြီးနိုင်ငံတော်သမ္မတက အမည်စာရင်းပေးသူများကို ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်များက အတည်ပြုခန့်အပ်ပေးရပြီး ငြင်းပယ် ခွင့်မရှိရဟု ဖွဲ့စည်းပုံအခြေခံမှ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များခန့်အပ်ခြင်း ဥပဒေပုဒ်မ ၂၆၁ တွင်ပါရှိသည်။

ယင်းကြောင့်အစိုးရဖွဲ့နိုင်ရေးနှင့် အစိုးရအဖွဲ့ခေါင်းဆောင်မည့် သမ္မတရွေးချယ်တင်မြှောက်နိုင်ရေး အတွက် NLD ကပြင်ဆင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly