အစိုးရသစ်ကရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဖြေရှင်းဖို့လိုအပ်ဟုဆို

အစိုးရသစ်ကရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဖြေရှင်းဖို့လိုအပ်ဟုဆို
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ယနေ့မနက်ပိုင်းတွင်ကျင်းပခဲ့သေးသည်။ ဓါတ်ပုံ။ မင်းမင်း။
 

ရန်ကုန်၊ ဒီဇင်ဘာ ၁၈။          ။မြန်မာအစိုးရသစ်အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို အာရုံစိုက်ကူညီပေးဖို့လိုအပ်သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ FED တို့က ဒီဇင်ဘာ ၁၈ရက် တွင်တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၈ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းလုပ်သားများနေ့၊ ထိုင်းနိုင်ငံရှိရွှေ့ပြောင်း အလုပ်သမားများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေနှင့် ပက်သက်ပြီး Orchid ဟိုတယ်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ကပြောဆိုခြင်းလည်းဖြစ်သည်။

"အစိုးရကဌာနတစ်ခုမှာ သတ်သတ်မှတ်မှတ်နဲ့ ပညာရှင်၊ ငွေကြေး၊ ဘာသာစကားကျွမ်းကျင်သူ၊ ဒီလိုစနစ် တကျ ဖွဲ့စည်းပေးပြီးကူညီပေးဖို့လိုမယ်။ ထိုင်းအပါအဝင်၊ တစ်ခြားနိုင်ငံကမြန်မာအလုပ်သမား တွေအကုန်လုံးတွက်အစိုးရသစ်ကော၊ ဘယ်အစိုးရပဲဖြစ်ဖြစ်လုပ်ပေးဖို့လိုအပ်တယ်။" ဟု FED အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကဆိုသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ၂၀၀၉ခုနှစ်ကစတင်ကာ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ယာယီနိုင်ငံကူးလက်မှတ်များပြုလုပ်ပေးသည့် အစီအစဉ်ကို သက်တမ်းတိုးရန် အကောင် ထည်ဖော်မှုမရှိသေးသည့်အတွက်လည်း အလုပ်သမားများအနေဖြင့် ထိုင်းရောက်မြန်မာအလုပ်သမားများသက်တမ်းတိုးရန်အခက်အခဲဖြစ်နေသည်ဟုလည်း MAT ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။

၂၀၀၉ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင်သက်တမ်းတိုးမြှင့်ထားသော ယင်းယာယီနိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးသည့် ထိုင်း-မြန်မာသဘောတူညီထားမှုသည် ၂၀၁၆ခုနှစ်အတွင်း သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ် ၃သန်းကျော်ကို ပြုလုပ်ပေးထားပြီးဖြစ်သည်ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ အကြီးတန်းအရာရှိက မဇ္ဈိမကိုပြောထားသည်။

ယာယီနိုင်ငံကူးလက်မှတ်များပြုလုပ်ရာတွင်လည်း နှစ်ဖက်အစိုးရကသတ်မှတ်ထားသည့်ကျသင့်ငွေ ဘတ် ၁၀၅၀ သာရှိသော်လည်း အမှန်တစ်ကယ်ပွဲစားများနှင့် အလုပ်ရှင်များကြောင့် ဘတ်သောင်းချီကုန်ကျ ခံပြုလုပ် နေရသည်ဟု ဦးကျော်သောင်းကဆိုသည်။

"ဒီဇင်ဘာ ၄ရက်က၊ ပင်လယ်ပြင်စစ်ဆင်ရေးကို ထိုင်းရဲ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာစတဲ့သူတွေလုပ်တယ်။ အဲဒီစစ်ဆင်ရေးမှာအထောက်အထားသက်တမ်းကုန် မြန်မာ ၅၄ယောက်မိတယ်။" ဟု ထိုင်းအစိုးရ၏ပင်လယ်ပြင်စစ်ဆေးရေးတွင် လိုက်ပါဆောင်ရွက်ရသည့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအကူအညီပေးအဖွဲ့၏ အတွေ့အကြုံအရ ဦးထူးချစ်ကပြောသည်။

မြန်မာနိုင်ငံက ယာယီနိုင်ငံကူးလက်မှတ်များသက်တမ်းတိုးရေးနှင့်ပက်သက်ပြီး ပြုလုပ်မည့်အစီအစဉ်ကို အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြောကြားခွင့်ရှိသူသို့ဆက်သွယ်မေးမြန်းရာ ဌာနမှလူကြီးကခေါ်ယူတွေ့ဆုံနေသဖြင့် ပြန်လည်ဖြေဆိုပေးနိုင်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံကလည်း၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ယနေ့မနက်ပိုင်းတွင်ကျင်းပခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags