ငြိမ်းချမ်းရေးညီလာခံတက်မယ့် ကိုယ်စားလှယ်အချိုးအစား အတည်ပြုလိုက်ပြီလို့ ဆို

ငြိမ်းချမ်းရေးညီလာခံတက်မယ့် ကိုယ်စားလှယ်အချိုးအစား အတည်ပြုလိုက်ပြီလို့ ဆို

နေပြည်တော်(ဒီဇင်ဘာ ၁၄)။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ကြမည့် ကိုယ်စားလှယ်အချိုးအစားကို သုံးကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု UPDJCအဖွဲ့ဝင်ဖြစ်သူ NLDပါတီမှ ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။

“ညီလာခံမှာ တပ်မတော်က ဘယ်နှစ်ယောက်တက်မယ်၊ ပညာရှင်တွေ ဘယ်နှစ်ယောက်တက်မယ်၊ နိုင်ငံရေးပါတီတွေ ဘယ်နှစ်ယောက်တက်မယ်၊ အဲ့ဒါမျိုးတွေကို ဒီကနေ့ အတည်ပြုချက်ရပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နေပြည်တော်ရှိ Horizon Lake View Hotel ဒီဇင်ဘာ ၁၄ရက်ကပြုလုပ်သော UPDJC သုံးကြိမ်မြောက် အစည်းအဝေးအပြီး ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ညီလာခံတွင် တက်ရောက်မည့် ကိုယ်စားလှယ်အချိုးအစား စာရင်းအတိအကျကိုမူ ယနေ့တွင် ပြောဆိုနိုင်ခြင်းမရှိသေးဟု ဦးဉာဏ်ဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြောဆိုပြီး ဒီဇင်ဘာ ၁၅ရက်တွင် ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီးတွင်မူ သတင်းထုတ်ပြန်နိုင်ချေရှိသည်ဟု ဦးဉာဏ်ဝင်းအပါအဝင် အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်အချို့က ပြောသည်။

တပ်မတော်ဘက်က အဆိုပြုသော ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်စားရင်းကို ယနေ့အစည်းအဝေးတွင် အဓိကဆွေးနွေးကြကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီအစည်းအဝေးမှာ တပ်မတော်ရဲ့ အဆိုပြုချက်တွေကို ပြင်ဆင်ချက်နဲ့ ပြင်ဆင်ပေးလိုက်တယ်။ အဲ့ဒီပြင်ဆင်ပေးလိုက်တဲ့ဟာကို ကျွန်တော်တို့ အစိုးရအဖွဲ့ရော၊ တပ်မတော်ကရော လက်ခံတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီအားလုံးကလည်း အားလုံတော့ မဟုတ်ဘူး။ အများစု လက်ခံတယ်။ လက်မခံနိုင်တဲ့ပုဂ္ဂိုလ်တွေကလည်း သူတို့လက်မခံနိုင်တဲ့အယူအဆကို တင်ပြပါတယ်။ အားလုံးခြုံပြီးတော့ ပြန်ပြောရရင် ဒီကနေ့လုပ်တဲ့အစည်းအဝေးက အထမြောက် အောင်မြင်တယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags