အခြေခံဥပဒေကို လိုက်နာမည်ဟု မီဒီယာကောင်စီဝင်များ သစ္စာပြု

အခြေခံဥပဒေကို လိုက်နာမည်ဟု မီဒီယာကောင်စီဝင်များ သစ္စာပြု
သတင်းမီဒီယာကောင်စီဝင်များ သမ္မတရှေ့တွင် ကတိသစ္စာပြုနေသည်ကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၁ရက်၊ နံနက်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)

နေပြည်တော်။ ။ သတင်းမီဒီယာနည်းဥပဒေအရဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များသည် နေပြည်တော်၊ သမ္မတအိမ်တော်ရှိ သဘင်ဆောင်တွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက သမ္မတ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုကြသည်။

၂၀၁၅ခုနှစ်၊ ဇွန်လ ၁၇ရက်တွင် ထုတ်ပြန်ပြဌာန်းခဲ့သည့် သတင်းမီဒီယာနည်းဥပဒေပုဒ်မ ၁၄ပါအတိုင်း နိုင်ငံတော်သမ္မတရှေ့မှောက်တွင် ကတိသစ္စာပြုကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များအဖြစ် ရွေးချယ်ခံရသဖြင့် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ  ဆောင်ရွက်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပါမည်၊ သတင်းမီဒီယာဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါမည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်” ဟု သမ္မတရှေ့မှောက်တွင် ကောင်စီဝင်များက ရွတ်ဆိုကြခြင်းဖြစ်သည်။

အဆိုပါ ကတိသစ္စာပြုပွဲတွင် သမ္မတဦးသိန်းစိန်အပါအဝင် ဒုသမ္မတနှစ်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ပြည်ထောင်စုအစိုးရဝန်ကြီးအများစု တက်ရောက်လာကြသည်။

သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာများ၏ မီဒီယာကျင့်ဝတ်ဖောက်ဖျက်မှုနှင့် အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်းခြင်းနှင့် အရေးယူရန်အတွက်လည်း ဥပဒေအရ အခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

လက်ရှိ သမ္မတဦးသိန်းစိန်လက်ထက် စာနယ်ဇင်းလွတ်လပ်ခွင့်မှာ သတင်းရပိုင်ခွင့် အားနည်းနေခြင်း၊ သတင်းသမားများဟာ ဖမ်းဆီးထောင်ချနေခြင်းနှင့် ဥပဒေအကာအကွယ်တို့အပေါ် နောက်တက်လာမည့် အစိုးရနှင့် ညှိနှိုင်းရမည်ဟု ကောင်စီ၏ ဒုဥက္ကဌဖြစ်သူ စာရေးဆရာ ဖေမြင့်က အောက်ပါအတိုင်း မဇ္ဈိမကို ပြောသည်။

“၂၀၁၂ ဩဂုတ်လောက်မှာ စာပေစိစစ်ရေးကို ရုတ်သိမ်းတယ်၊ သူတို့မကြိုက်တဲ့ဟာ တစ်စုံတစ်ခု ညှိစွန်းတယ်လို့ထင်တဲ့ဟာဆိုရင် တရားစွဲတဲ့နည်းလုပ်တဲ့အခါကျတော့ မီဒီယာသမားတွေ အများကြီးအဖမ်းခံရတယ်။ ထောင်ချခံရတာတို့ရှိတယ်။ ဒီလိုတွေမဖြစ်အောင် ဆက်ပြီးညှိနှိုင်းပြောဆိုတာတွေ လုပ်ရဦးမယ်” ဟု ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly