နိုင်ငံရေးဆွေးနွေးမည့်ရက် ဒီဇင်ဘာ ၁၆တွင် သမ္မတဦးသိန်းစိန်သတ်မှတ် ကြေညာမည် ဟုဆို

နိုင်ငံရေးဆွေးနွေးမည့်ရက် ဒီဇင်ဘာ ၁၆တွင် သမ္မတဦးသိန်းစိန်သတ်မှတ် ကြေညာမည် ဟုဆို
၂၀၁၄နှစ်ကုန်ပိုင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များတွေဆုံစဉ်။

ရန်ကုန်၊ ဒီဇင်ဘာ ၉။      ။ နိုင်ငံရေးဆွေးနွေးပွဲများစတင်မည့်ရက်ကို ဒီဇင်ဘာ ၁၆ရက် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်က သတ်မှတ်ကြေညာ မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဌ ဦးသုဝေက ဒီဇင်ဘာ ၉ရက်တွင် မဇ္ဈိမကိုပြောသည်။

"သမ္မတက ၁၆ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ့်ရက်ကို အမိန့်ထုတ်မယ်။ အဲဒီတော့မှ ကျွန်တော်တို့က ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်မယ်။ ခရစ်စမတ်၊ လွတ်လပ်ရေးနေ့အဲဒါတွေပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့ပြင်ဆင်ရမှာပါ။" ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၁၄ရက်တွင် UPDJC ကရေးစွဲထားသည့် နိုင်ငံရေးမူဘောင်ကို သမ္မတဦးသိန်းစိန်ထံသို့ အရောက် ပေးပို့မည်ဖြစ်သည်။

ဒီဇင်ဘာ ၁၆ရက်တွင် နိုင်ငံရေးဆွေးနွေးမှုမူဘောင် အသိအမှတ်ပြုဖွင့်ပွဲကို နေပြည်တော်တွင် ပြုလုပ်ကာ ယင်းနေ့တွင်ပင် သမ္မတဦးသိန်းစိန်က တက်ရောက်ပြီး နိုင်ငံရေးဆွေး နွေးပွဲရက်ကိုသတ်မှတ်ပေးရမည် ဟုလည်း UPDJC အဖွဲ့ဝင် ဦးခင်မောင်ဆွေကပြောသည်။

နိုင်ငံရေးမူဘောင်မူကြမ်းကို နိုဝင်ဘာ ၃၀ရက်တွင် မြန်မာ့ငြိမ်းချမ်းရေး၊ ပြည်လည်ထူထောင်ရေးဗဟိုဌာန၌ အပြီးသတ်ရေးစွဲခဲ့ပြီး ယနေ့ဒီဇင်ဘာ ၁ရက်တွင် အချောသတ် ပြန်လည်စိစစ်ကာ၊ ဒီဇင်ဘာ ၂ရက်နေ့တွင် ရေးစွဲပြီးစီးခဲ့ပြီဟုလည်း ဦးသုဝေကဆိုသည်။

ရေးစွဲပြီးစီးသည့် နိုင်ငံရေးမူဘောင်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို တပ်မတော်၊လွှတ်တော်အပါအဝင် အစိုးရအဖွဲ့မှ ကိုယ်စားပြု ၁၅၀ဦး၊ အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၈ဖွဲ့မှ ကိုယ်စားပြု ၁၅၀ဦးနှင့် နိုင်ငံရေးပါတီမှကိုယ်စားပြု ၁၅၀တို့ကိုလျာထားသတ်မှတ်ထားသည်။

ယင်းအပြင် တိုင်းရင်းသားဒေသများမှ ခေါင်းဆောင်များ၊ တတ်သိပညာရှင်များနှင့် အပစ်ရပ်လက်မှတ်ရေးထိုး ခြင်းမရှိသေးသည့် အဖွဲ့များမှကိုယ်စားလှယ်များမှ စုစုပေါင်း ၅၀ဦးကိုလည်း ဖိတ်ကြားရန်ထည့်သွင်းရေးသား ထားသည်ဟု ဦးခင်မောင်ဆွေကဆိုသည်။

ဖိတ်ကြားမည့်ပုဂ္ဂိုလ်များနှင့် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကျင်းပမည့်အစီအစဉ်၏ အချိန်တို့ကိုမူ ဒီဇင်ဘာ ၁၄ရက်၊ နေပြည်တော်တွင်ပြုလုပ်မည့် UPDJC အစည်းဝေးဆုံးဖြတ်ချက်အရသာသိရမည်ဟု ၎င်းကပြောသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးမူဘောင်တစ်ခုကို ရေးစွဲပြီးစီးရန်လိုအပ်ပြီး ရက်ပေါင်း၉၀ အတွင်းနိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက်ကို အပစ်ရပ်စာချုပ်တွင်ထည့်သွင်း ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags