ဖားကန့်မြေစာပုံပြိုကျသည့်အဖြစ်မျိုး ထပ်မဖြစ်ရေး လွှတ်တော်တွင်အရေးဆိုမှု အစိုးရ မဖြေရှင်းသေး

ဖားကန့်မြေစာပုံပြိုကျသည့်အဖြစ်မျိုး ထပ်မဖြစ်ရေး လွှတ်တော်တွင်အရေးဆိုမှု အစိုးရ မဖြေရှင်းသေး

နေပြည်တော်၊ ဒီဇင်ဘာ ၇။ ။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် နိုဝင်ဘာ ၂၁ရက်က မြေစာပုံပြိုကျပြီး လူဦးရေ တစ်ရာကျော်ခန့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်သွားရန် လွှတ်တော်အမတ်တစ်ဦး၏ အရေးဆိုမှုကို ဒီဇင်ဘာ ၇ရက် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်များက ထောက်ခံဆွေးနွေးကြသော်လည်း သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနက လာရောက်ရှင်းလင်းခဲ့ခြင်း မရှိပေ။

လူပေါင်းရာချီသေဆုံးခဲ့ရသည့် ထိုအဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်၊ စီမံဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်က နိုဝင်ဘာ ၃၀ရက်တွင် အရေးဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုအပေါ် အမတ်များဆွေးနွေးခဲ့ကြသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လာရောက်ရှင်းလင်းမှုမရှိခဲ့ခြင်း ဖြစ်သည်။

 ပုံမှန်အားဖြင့် လွှတ်တော်အမတ်များကတင်သွင်းသည့် အဆိုတစ်ရပ်ရပ်ကို လွှတ်တော်က လက်ခံဆွေးနွေး သည့်အခါ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနက လွှတ်တော်တွင် လာရောက်ဖြေရှင်းလေ့ရှိသော်လည်း ယခုဖြစ်စဉ်တွင် လာရောက်ရှင်းလင်းသည်ကို မတွေ့ရပေ။ သို့သော် ဥပဒေကြောင်းအရ အမတ်တို့၏ အဆိုတစ်ရပ်ရပ်ကို လွှတ်တော်တွင် ဆွေးနွေးရန်ဆုံးဖြတ်သည့်ရက်ကစပြီး ၂၁ရက်အတွင်း လာရောက်ရှင်းလင်းနိုင်သည်။

 ဦးခက်ထိန်နန်၏ အဆိုအပေါ် လွှတ်တော်အမတ်(၈)ဦး ဆွေးနွေးကြပြီး ထောက်ခံဆွေးနွေးခဲ့သည့် ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်က “ဒီကိစ္စဟာ မြန်မာ့သမိုင်းမှာ အင်မတန်မှ တုန်လှုပ်ဖို့ ကောင်းပါတယ်” ဟုဆိုကာ သေဆုံးသူများ၏ အမည်စာရင်းများကိုလည်း တိတိကျကျထုတ်ပြန်ပေးရန် လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးစံပြည့်ကမူ ထိုဖြစ်စဉ်သည် တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဟုဆိုပြီး ငြိမ်းချမ်းရေးရရှိအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဟု ဆိုသည်။

 ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် မနက် အစောပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိမ်မှုအုပ်စုအကြား ဆန်ခတ်ကူးကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာမှ သေဆုံးသူ လူဦးရေ ၁၁၄ဦးကို တူးဖော်ရရှိခဲ့ပြီး နိုဝင်ဘာ ၂၅ရက်တွင် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့သည်။

 ယင်းဖြစ်စဉ်တွင် တဲအိမ် ၇၀ခန့် မြေအောက်ရောက်ရှိခဲ့ပြီး လူနှစ်ရာဝန်းကျင်ခန့် ပျောက်ဆုံးနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုထားသည်။

ဖားကန့်တွင် မြေစာပုံပြိုကျမှုသည် ၂၀၁၅ခုနှစ်၊ တစ်နှစ်အတွင်းတွင်ပင် ယခုဖြစ်စဉ်အပါအဝင် ၃၇ကြိမ်မြောက်ရှိပြီဟု အဆိုရှင် ဦးခက်ထိန်နန်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly