အီဘရာဟင်ရာအီစီက အီရန်ရဲ့ အစွန်းရောက်ဆုံး သမ္မတအဖြစ် အစ္စရေး တံဆိပ်ကပ် 

အီဘရာဟင်ရာအီစီက အီရန်ရဲ့ အစွန်းရောက်ဆုံး သမ္မတအဖြစ် အစ္စရေး တံဆိပ်ကပ် 
Photo - AFP

ဇွန် ၂၁

အီရန်နိုင်ငံမှာ ကွန်ဆာဗေးတစ် ရှေးရိုးစွဲတွေက သူတို့ရဲ့ ကိုယ်စားလှယ်လောင်း အီဘရာဟင်ရာအီစီ သမ္မတအဖြစ် ရွေးကောက်ပွဲအနိုင်ရတာအတွက် တနင်္ဂနွေနေ့မှာ အောင်ပွဲအခမ်းအနားတွေ ကျင်းပကြပါတယ်။ 

ဒီ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ အမေရိကန်က ပြောဆိုပြီး အီရန်ရဲ့ ရန်ဖက်ဖြစ်တဲ့ အစ္စရေးကလည်း ရာအီစီဟာ အီရန်နိုင်ငံမှာ ‘အစွန်းရောက်ဆုံး သမ္မတ’ပဲလို့ တံဆိပ်ကပ်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် တက်ရောက်ခဲ့တဲ့ ဂါဇာက ၂၀၁၄ စစ်ပွဲအတွင်း ကျဆုံးအစ္စရေးစစ်သားတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂျန့်ဇ်က မိန့်ခွန်းပြောဆိုရာမှာလည်း အီရန်သမ္မတ ရွေးကောက်ပွဲမှာ ရှေးရိုးစွဲ ကိုယ်စားလှယ်လောင်း အီဘရာဟင်ရာအီစီ အနိုင်ရတာဟာ ထင်သာမြင်သာတဲ့ အစွန်းရောက်ဝါဒနဲ့ ရှိနေဆဲ အီရန်ရဲ့ ရန်လိုမှုအတွက် နောက်ထပ် သက်သေသာဓကပဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

အသက် ၆၀ ရှိ ရာအီစီဟာ သောကြာနေ့က ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အနိုင်ရ ရွေးကောက်ခံရတာ ဖြစ်ပါတယ်။ အထင်ကရ နိုင်ငံရေးသမားတွေ ဝင်ပြိုင်ခွင့် ပိတ်ပင်တားမြစ်ထားပြီး မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်မက မဲမပေးကြတဲ့ အခု ရွေးကောက်ပွဲဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအကျပ်အတည်း ဆိုက်ရောက်နေတဲ့ကြားကပဲ ကျင်းပတာ ဖြစ်ပါတယ်။ 

ရှီးယိုက်မွတ်စလင် ဘာသာရေးအဖွဲ့အစည်းရဲ့ သိက္ခာကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရာအီစီဟာ သဘောထားပျော့ပြောင်းတဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဟတ်ဆန်ရိုဟာနီထံကနေ ရာထူးလွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ ရိုဟာနီအနေနဲ့ ရှစ်နှစ်တာ ရာထူးသက်တမ်းအဆုံးသတ်အဖြစ် ဩဂုတ်လမှာ တာဝန်ကနေ အနားယူရမှာ ဖြစ်ပါတယ်။ 

တမန်တော် မိုဟာမတ်ကနေ တိုက်ရိုက်ဆင်းသက်လာတာလို့ အဓိပ္ပာယ်ရှိတဲ့ ခေါင်းပေါင်းမည်း ပေါင်းထားတတ်တဲ့ ရာအီစီဟာ နိုင်ငံမှာ အကြွင်းမဲ့ နိုင်ငံရေးဩဇာ ပိုင်စိုးတဲ့ အသက် ၈၁ နှစ် နိုင်ငံဥသျှောင် အယာတိုလက်ရှိအလီခါမေနီနဲ့လည်း နီးစပ်သူတစ်ဦးအဖြစ် သိထားရပါတယ်။ 

အီရန်တရားရေးဌာနရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ ရာအီစီ ရွေးကောက်ပွဲမှာ ၆၂ ရာခိုင်နှုန်းနဲ့ မဲအနိုင်ရတာကို “ခေတ်သစ်ရဲ့ အရုဏ်ဦး”ဆိုပြီး ကွန်ဆာဗေးတစ် Resalat နေ့စဉ်သတင်းစာက ရှေ့ဖုံးမှာ တခမ်းတနား ဖော်ပြခဲ့ပါတယ်။ 

ရာအီစီကို ရုရှ၊ တူရကီနဲ့ ပင်လယ်ကွေ့နိုင်ငံအချို့အပြင် ဆီးရီးယား သမ္မတ၊ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလက်ရှ်အဖွဲ့နဲ့ ဂါဇာက ဟားမတ်စ်အဖွဲ့တွေအပါအဝင် ဒေသတွင်း မိတ်ဖက်တွေက ဂုဏ်ပြုပြောဆိုခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly