နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၁၂ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး လက်သုံးချောင်းထောင် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo : : AFP)

ရန်ကုန်တိုင်းဒေသကြီး

• ရန်ကုန်မြို့ အထင်ကရ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး မီးပွိုင့်ရှိ လမ်းလယ်ကျွန်းတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

• ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ် ကမ်းသာယာမှတ်တိုင်တွင် ယနေ့နေ့လယ်ပိုင်း စစ်အုပ်စုလက်နက်ကိုင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းနှစ်ဖက်စလုံးပိတ်ကာ ဖြတ်သန်းသွာလာသည့် ယာဉ်တိုင်အား စစ်ဆေးလျက်ရှိသည်။ 

• စစ်အုပ်စုက ယနေ့သတင်းစာရှင်းလင်းပွဲတွင် မေလ ၅ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးဝန်းအတွင်းရှိ ယူတိုးပီးယားတာဝါတွင် ပေါက်ကွဲမှုအပြီး ဒဏ်ရာရခဲ့သည့် MMA ကစားသမား ဖိုးသော်အင်တာဗျူးအား ပြသခဲ့ပြီး ၎င်းမှာ ဗုံးစမ်းသပ်ရင်းဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည့် ရုပ်သံဖိုင်ကို ပြသခဲ့သည်။ 

• ရွှေပြည်သာမြို့နယ် ကျောင်းသားများကွန်ရက် - SSN အဖွဲ့ဝင်လူငယ်များက NUG အစိုးရထောက်ခံကြောင်း စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းပေါ်ရှိ ဇေယျဝတီဘုန်းကြီးကျောင်းရှေ့တွင် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က အသံဗုံးပေါက်ကွဲ မှု ဖြစ်ခဲ့သည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာထားသည့် လှိုင်သာယာမြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက မြို့နယ်တွင်းရှိ တံတားများနှင့် လမ်းဆုံလမ်းခွများတွင် လုံခြုံရေးယူကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ကျန်စစ်သားအိမ်ရာကဲ့သို့သော နေရာများ တွင် ကင်းပုန်းဝပ်ဖမ်းဆီးမှုများပါ ပြုလုပ်လျက်ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း နံနက်အေစာပိုင်းကတည်းက မြို့တွင်းလမ်းမကြီးပေါ်ထိ တက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ၊ အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ၊ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ စိန်ပန်း၊ စက်မှုလူငယ် သပိတ်စစ်ကြောင်းနတို့ ပါဝင်ကာ "သွေးမအေးတဲ့ မန္တလေး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်စွဲဆန္ဒဖော်ထုတ်ခဲ့ သည်။ 

• အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂနှင့် ပြည်သူတို့ စုပေါင်းကာ "အမှန်တရားကို အရယူမည့် အမရပူရ" ဆိုင်းဘုတ်များ လွှင့်ထူ၍ ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်းအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ – တကသ သပိတ်စစ်ကြောင်းကလည်း နေ့လယ်ပိုင်းတွင် မြို့တွင်းလမ်းမ ကြီးများပေါ်အထိ တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း လေးပြင်ရပ် သံဃာတော်များနှင့် ပြည်သူများ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းလည်း လမ်းမကြီးများပေါ်တက်၍ "ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• “ရွှေမန္တလေးရဲ့ မြို့သိမ်းသပိတ်စစ်ကြောင်း" နှင့် ရေဆင်းတက္ကသိုလ်ကျောင်းသားသပိတ်စစ်ကြောင်းတို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း စျေးချိုတော်တွင် ဆိုင်ခန်းအများစုမှာ စည်ပင်ဌာနက ဖိအားပေးနေသည့်အတွက် ပြန်လည်ဖွင့်လှစ်မှုများ ရှိနေပြီဖြစ် သော်လည်း စျေးပိတ်ချိန်ထက် စော၍ ဆိုင်ပိတ်မှုများ ရှိနေကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ မန္တလေးမြို့ခံတစ်ဦး က ညနေ ၅ နာရီတွင် အတည်ပြုပြောဆိုသည်။ 

• မန်း အမှတ် (၁) ရဲစခန်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ယခင်သုံးနေသည့် အိမ်စီးကားများအစား အခြား Honda Fit အပါအဝင် အခြားအမျိုးအစား အိမ်စီးကားမျာသုံးကာ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါရဲစခန်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။ 

• မြင်းခြံမြို့ ဆေးရုံးကြီးမှ သားဖွား/မီးယပ်အထူးကု ဒေါက်တာရဲဇင်အောင်အား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညနေ ၅ နာရီခန့်က ဖမ်းဆီးသွားကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ် မြင်းခြံမြို့အဝင်ရှိ စစ်အုပ်စုလက်နက်ကိုင်များရှိသည့် စစ်ဆေးရေးဂိတ်အား ယနေ့နံနက်ပိုင်းက လက်လုပ်ဗုံးပစ်သွင်းဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့ရာ ထိခိုက်သူ မရှိခဲ့သော်လည်း စစ်အုပ်စုဘက်က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသော်လည်း ဗုံးပစ်သွင်းသူ လွတ်မြောက်သွားသည်။ အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း လက် လုပ်ဗုံး ပစ်သွင်းခံရမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။ 

• မြင်းခြံမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးချ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ခေါင်းကွဲရွာအဝင်ဘက်နှင့် GTI ရှေ့၊ စွန်းလွန်း "ချို" စတိုးဘက်တွင်လည်း လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် နံနက် ၈ နာရီခွဲခန့်က တောင်သာမြို့ဘက်မှ အင်အား ၄၀ ခန့်ပါဝင်သည့် စစ်ကားကြီး နှစ်စီး၊ ကားသေး တစ်စီးတို့ဖြင့် မြို့တွင်းသို့ ဖြတ်သန်းဝင်ရောက်လာခဲ့သေးသည်။ 

• မြင်းခြံမြို့တွင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ကျဆုံးရသူပေါင်း ၃၀ ဦးအထိ ရှိခဲ့သည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ ကျဆုံးရသူများတွင် စစ်အုပ်စုက ပစ်ခတ်မှု ကြောင့် ကျဆုံးရသူများအပါအဝင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် ကျဆုံးရသူများလည်း ပါဝင်သည်။

• မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာနေ ပြည်သူများကလည်း ကျေးရွာတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မိုးကုတ်မြို့ ရွှေညောင်ပင်ရွာနေ ကိုဝေယံ၊ ကပိုင်ကျေးရွာနေ ကိုအားနိုးနှင့် ဒေါ်ဋ္ဌေးဋ္ဌေးမြင့်တို့ သုံးဦးအား စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များက ယနေ့ နေ့လယ် ၁၁ နာရီခန့်က ၎င်းတို့၏ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ကိုဝေယံမှာ ပြီးခဲ့သည့်ရက်များအတွင်းကလည်း ၎င်း၏ နေအိမ်အား စီးနင်းရှာဖွေရာ လွတ်မြောက်နေခဲ့ရာမှ သတင်းပေးဒလန် များ လက်ထောက်ချမှုဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

• ညောင်ဦးမြို့ခံများ၏ ပင်မသပိတ်စစ်ကြောင်းကလည်း "တော်လှန်တိုက်ပွဲ တို့ဆင်နွှဲ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့တွင် လမ်းပေါ်တက် လူထုသပိတ်များ ငြိမ်သက်နေရာမှ ယနေ့နံနက်ပိုင်းတွင် ဒေသခံလူငယ်များ ဦးဆောင်သည့် ပဲခူးမြို့ အထွထွေသပိတ်စစ်ကြောင်းက မြို့တွင်းလူစည်ကားရာ စျေးများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• အရာတော်မြို့၊ ဆိပ်ဖူးကျေးရွာတွင် မုံရွာမြို့ နန္ဒာဝန်ရပ်ကွက်နေ ကျော်မျိုးသူ (၂၆ နှစ်) နှင့် အရာတော်မြို့၊ ရဲချင်းကျေးရွာနေ မင်းဇော်ထွန်း (ခ) လေပွေ (၂၆) နှစ်တို့အား ဇွန်လ ၁၀ ရက်က စစ်အုပ်စုသတင်းပေးများက သတင်းပေးလိုက်သည့်အ တွက် အကြမ်းဖက်သမားများဟု စွပ်စွဲရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့သည်။ 

• ခင်းဦးမြို့ လောင်းရှည်ရွာမြောက်ဘက် ရွှေသိမ်တော်ဘုရားအနီးတွင် စစ်အုပ်စုလက်အောက်ခံ ရဲစခန်းသို့ အဝင်အထွက်ရှိ သူ လောင်းရှည်မြို့ အောင်သီရိရပ်၊ တမာတောကျောင်း မြောက်ဘက်တွင် နေထိုင်သူ ဦးဖိုးဇော်အား ယမန်နေ့ ညနေ ၆၅ ရခန့်က လက်နှစ်ဖက်လုံးပြတ်ကာ မျက်နှာတွင် ဓားဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း သိရသည်။ 

• ယင်းမာပင်-ပုလဲ လမ်းအတိုင်း ဝမ်ပေါင်လမ်းဆုံမှ ဆင်းလာသည့် ကားအကြီး ၁၈ စီး၊ ကားအသေး တစ်စီးနှင့် ဆေးကုသမှု ပေးသည့် ကား တစ်စီးပါဝင်သည့် ယာဉ်တန်းမှာ ဖိုလ်ဝင်တောင်လမ်းခွဲအနီးတွင် ယနေ့နံနက် ၈ နာရီခန့် မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသည်ဟု သိရသည်။ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• ကလေးမြို့ခံများကလည်း "ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ကလေးမြို့အဝင်အထွက်များတွင်သာ သက်ငယ်ပိုင်း လက်နက်ကိုင်များ လုံခြုံရေးယူထားလျက်ရှိကာ မြို့တွင်းတွင်မူ သက်ကြီးပိုင်းလက်နက်ကိုင်လုံခြုံရေးများ ကင်းလှည့်မှုများ ရှိသည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဘုတလင်မြို့နယ် တောင်ရှည်ရွာနေ သံဃာ၊ ပညာရေးဝန်ထမ်းနှင့် ပြည်သူများလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ခန္တီးမြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ရှီထောက်မှာ ယနေ့မှစ၍ စစ်အုပ်စုလက်အောက်တွင် တာ ဝန်မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်လာပြီ ဖြစ်သည်။

• ဒီပဲယင်းမြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက တပ်စွဲခြင်း၊ ဝင်ရောက်နှောင့်ယှက်ခြင်းများ ပြုလုပ်လာပါက ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် အန္တရာယ် တစုံတရာကျရောက်နိုင်ခြင်းများ ဖြစ်နိုင်သည့်အတွက် ရင်ဆိုင်တွေ့ဆုံမှုဖြစ်ပွားသည့် နေရာနှင့် အချိန်တို့တွင် ကြိုတင်ရှောင်ရှားခြင်းဖြင့် ကူညီပေးကြရန် ဒီပယင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ယနေ့ နေ့စွဲဖြင့် ကြေညာထားသည်။ 

• မုံရွာ ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားပြည်သူများ ပါဝင်သည့် လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။ 

• တန့်ဆည်မြို့ လူထုသပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး အတွက် ဆန္ဒပြခဲ့ကြသည်။ 

• မင်းကင်းမြို့နယ်၊ မြို့မ၊ ယင်းမာ၊ ဂုဏ်ညင်း၊ တောင်စာရေးနှင့် ယင်းမ စသည့်ကျေးရွာများတွင် စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်း တပ်စွဲကာယင်းမာကျေးရွာမှ အသက် ၄၀ ခန့်ရှိသူ ဦးတင်မောင်ဆွေကိုလည်း ယနေ့နံနက်ပိုင်းက ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်။ အဆိုပါကျေးရွာများရှိ စစ်အုပ်စုထောက်ခံ သတင်းပေးသူများက လက်နက်ကိုင်သင်တန်း တက်ရောက်သူများ ရှိသည်ဟု သတင်း ပေးခဲ့သည့်အတွက် အိမ်လိပ်စာ အတိအကျဖြင့် လာရောက်စီးနင်းရှာဖွေနေခြင်းဖြစ်ကြောင်း စီးနင်းခံရသည့် နေအိမ်တစ်ခုမှ ဒေသခံက အတည်ပြု ပြောဆိုသည်။ 

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးမြို့နယ်တွင် CDM ပြုလုပ်ကာ ပြည်သူနှင့် တစ်သားတည်းရပ်တည်နေသည့် ပညာရေးဝန်ထမ်း ၃၉၀ ဦးကို စစ်အုပ်စုက တာဝန်မှ ရပ်ဆိုင်းပစ်လိုက်သည်။ 

• တောင်တွင်းကြီးမြို့နယ်တွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှု ဖွင့်ခံထားရသူ ၅၀ ဝန်းကျင်အထိ ရှိသည်။ အဆိုပါ ၅၀ နီးပါးခန့်တွင် ဖမ်းဆီးခံထားရသူများလည်း ပါဝင်သည်။

• မြိုင်မြို့နယ် ပညာရေးမှူးရုံးတွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုနှစ်ရပ် ဆက်တိုက်ဖြစ်ပွားခဲ့ကာ ထိခိုက်သူ မရှိခဲ့ဟု သိရကာ ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• မြိုင်မြို့နယ် တောင်ပိုင်းဇုန်ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း ဆိုင်ကယ်များဖြင့် လှည့် လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း အဖြူရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ "အရေးတော်ပုံ အောင်ရမည် - ငါတို့ နိုင်ကို နိုင်ရမည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်တွင် ည ၈ နာရီမှ နောက်တရက် နံနက် ၄ နာရီအထိ ညမထွက်ရနှင့် လူငါးဦးထက် ပိုမစုရန် ပုဒ်မ ၁၄၄ ကို ယမန်နေ့ကစ၍ ထုတ်ပြန်လိုက်သည်။ တနင်္သာရီတိုင်းမြို့တော် ထားဝယ်အပါအဝင် အခြားမြို့တွင် ပုဒ်မ ၁၄၄ ကို ဖေဖဖော်ဝါရီကတည်းက ထုတ်ပြန်ထားကာ လောင်းလုံတွင် ယခုကျမှ ထုတ်ပြန်ခြင်း ဖြစ်ကာ လောင်းလုံမြို့နယ်သည် လူထု သပိတ်အားကောင်းသည့် မြို့နယ်လည်း ဖြစ်သည်။

• လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာနေ ပြည်သူများကလည်း "တောင်တန်းပြည်မ ညီညွတ်ကြ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် ညောပြင်ကျေးရွာနေ ပြည်သူများကလည်း ယနေ့နေ့လယ်ပိုင်းက "နွေဦးတော်လှန်ရေး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ကုန်းဇရပ်ကျေးရွာနေ ပြည်သူ များကလည်း ကျေးရွာသပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေ လူငယ်အချို့ကလည်း ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့ ကိုးသောင်း (၂) လမ်းနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မြတ်မင်းအား ၎င်းရဟန်းခံနေသည့် ပုသိမ်တစ်ဖက်ကမ်း လှည်းကျော်ကုန်းရွာ တောရဘုန်းကြီးကျောင်းတွင် ဇွန်လ ၁၀ ရက် ညပိုင်းက သင်္ဃန်းဝတ်ဖြင့် ဖမ်းဆီးသွား ကာ အရပ်ဝတ်လဲ၍ ပုသိမ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။ 

• စစ်အုပ်စုဆန့်ကျင်မှုဖြင့် မတ်လ ၇ ရက်ကတည်းက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရကာ ပုသိမ်ထောင်တွင် ထိန်းသိမ်းခံ ထားရသည့် ပန်းချီဆရာ ဦးသက်နောင်မှာ ယခင်ကတည်းက ခံစားနေရသည့် အူလမ်းကြောင်းဆိုင်ရာဝေဒနာအတွက် ဆေး ကုသမှု မရရှိသည့်အတွက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရသည်။ 

• ပုသိမ်မြို့၊ (၁၃) ရပ်ကွက်ရှိ တရုတ်ပိုင် ဟွာပိုတိုင်းမ်အထည်ချုပ်စက်ရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် စစ်အုပ်စုလက်နက်ကိုင်များက စက်ရုံဝန်ထမ်း ကိုးဦးအား ဖမ်းဆီးထားရာ ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက် ပြီ ဖြစ်သည်။ 

ကချင်ပြည်နယ်

• တနိုင်းမြို့ စစ်ရေးဂိတ်တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၂၉ ဦးအား စစ်တပ်က တစ်လကြာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုရန် ယမန်နေ့က ရဲတပ်ဖွဲ့ လွှဲပြောင်းပေးလိုက်ပြီဟု သိရသည်။ အဆိုပါ လူငယ်များမှာ တနိုင်း လီဒိုလမ်းမပေါ်ရှိ နောင်မီးရွာမှ လူငယ် ၂၅ ဦးနှင့် ဝါရာဇွပ်ရွာမှ လေးဦး ဖြစ်ကာ အများစုမှာ အသက် ၁၈ နှစ်အောက်လူငယ်များ ဖြစ်သည်။ 

• ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ် သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်က သပိတ်မပြုလုပ်ရန် လုံခြုံရေးတင်းကြပ်နေသည့်ကြားကပင် လမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့် ကျောက် ဝိုင်းသပိတ်စစ်ကြောင်းကလည်း လူငါးဦးထက် မစုရ ၁၄၄ အမိန့်အား အာခံကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာနေ ပြည်သူများကလည်း အာရုဏ်ဦး ဆိုင်ကယ်သ ပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမကြီးပေါ်ရှိ ဝါရာဇွပ်ကျေးရွာအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က စစ်ဘက်သုံးရဟတ်ယာဉ် နှစ်စီး ပျံဝဲလျက်ရှိပြီး ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ရွာရှိ စစ်အုပ်စုကျောထောက်နောက်ခံ ယုဇနကုမ္ပဏီအား KIA က ဝင်ရောက်တိုက်ခိုက်ထားသည်။ 

• စစ်အုပ်စုလက်နက်ကိုင်များက သပိတ်များ မပြုလုပ်ရန် လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် မိုးကောင်းမြို့နေ ပြည်သူ များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ နေ့လယ် ၂ နာရီခန့်မှ ည ၇ နာရီအထိ ပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ခုခံသဖြင့် တိုက်ပွဲများ ပြင်းထန်နေကာ ခုခံမှုမရှိ သည့် ကျေးရွာများကိုပါ စစ်အုပ်စုဘက်က ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ တိမ်းရှောင်ခဲ့ကြရကာ ဒီးမော့ဆိုမြို့ အရှေ့ခြမ်း ဒေါတမငယ်ကျေးရွာနေ ပရဟိတလုပ်ငန်း လုပ်ကိုင်သူ ဦးအေးရွှေမှာ စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည်။ 

• ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့က စစ်အုပ်စုလက်အောက်ခံ တပ်များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF မှတစ်ဦး သေဆုံးခဲ့သည်။ ဒီးမော့ဆိုအရှေ့ တောင်ဘက် ဒေါကူလီကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် KNDF တပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ ပစ္စည်းသယ်ယူရန် ရွာတွင်း ကျန်ခဲ့သည့် အသက် ၄၀ ကျော် ရွာသားတစ်ဦး၊ ဒီးမော့ဆို အနောက်မြောက်ဘက် ပဒန်းခိုရွာမှ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် ဦးမေးလာ၊ ဒေါဆိုကလောရွာမှ ခွန်းဘဲဘဲနှင့် ထီးဖိုးကလိုးရွာအနီး လက်နက်ကြီးထိမှန်သေဆုံးခဲ့ ရသည့် အမည်မသိရသေးသည့် လူငယ်တစ်ဦးတို့ ဖြစ်သည်။ 

• လွိုင်ကော်တွင် စစ်အုပ်စုလက်အောက်ခံ ၅၄ တပ်ရင်းတစ်ခုလုံးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က သိမ်းပိုက်သည်ဟူသည့် သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေကာ ယင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါဓာတ်ပုံမှာ ၂၀၁၅ ခုနှစ်က ကိုးကန့်တိုက်ပွဲတွင် တပ်မ ၃၃ ကျဆုံးခဲ့သည့် ပုံများသာဖြစ်ကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF က ထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ်

• လှိုင်းဘွဲ့မြို့နယ်၊ ဂျို့ချောင်းကျေးရွာ အ.လ.က (ခွဲ)ကျောင်းတွင် ယခင်က ကျောင်းသားဦးရေ ၃၅၀ ခန့်ရှိရာ ယခုအခါ ၅၀ ခန့်သာ ကျောင်းတက်နေပြီး အိမ်နေဝတ်စုံဖြင့် ကျောင်းတက်ခွင့်ပေးထားကာ တစ်ရက်လျှင် ငါးဦးစီ အလှည့်ကျဖြင့် ကျောင်းသားမိဘများက လုံခြုရေးစောင့်ပေးနေရသည်။ 

• သံတောင်ကြီးမြိုနယ်နေ ပြည်သူများကလည်း "တောင်တန်းအတွက် ပြည်မ – ပြည်မအတွက် တောင်တန်း - နိုင်ပွဲက အနီးဆုံးမှာ/ အာဏာရှင်စနစ် ကျဆုံးရမည်" ဟု လက်ဝါးပေါ်နှင့် စာရွက်များပေါ်ရေးသားကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

ချင်းပြည်နယ်

• ထန်တလန်မြို့နေ ပြည်သူများနှင့် စစ်အုပ်စုနှင့် ပတ်သက်မှု မပြုလုပ်ကြရန်၊ နယ်ဝေးမှ လာရောက်စီးပွားရှာသည့် သူများအနေဖြင့် စစ်အုပ်စုနှင့် ပတ်သက်မှု မရှိကြရန်နှင့် ပတ်သက်မှုရှိပါက အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိကြောင်း Chinlnad Defense Force – ထန်တလန်က ထုတ်ပြန်ထားသည်။ 

• ချင်းပြည်နယ်အတွင်း Chinland Defense Force တပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဧပြီလ ၂၄ ရက်မှ ဇွန်လ ၁၀ ရက်အထိ စစ်အုပ်စုဘက်ကမှ ၁၆၅ ဦးအထိ သေဆုံးကာ CDF ဘက်မှ ၃၀ ကျဆုံး၍ ဒေသခံပြည်သူ ကိုးဦး သေဆုံးခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ CDF ဘက်မှ ၄၅ နှင့် စစ်အုပ်စုဘက်မှ ၁၂၃ ဦးအထိ ရှိကြောင်း CDF ဗဟိုက ထုတ်ပြန်ထားသည်။ 

မွန်ပြည်နယ်

• မုဒုံမြို့ မော်သံလမ်းတွင် နေထိုင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုခိုင်မင်းထွန်း (ခ) ဖိုးခိုင်ကို စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည ၁၁ နာရီကျော်ခန့်တွင် အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့သည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။ 

• မော်လမြိုင်တွင် စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများ ဘေးရန်မှ ပြည်သူအား ကာကွယ်ရန်အတွက် မော်လမြိုင် တော်လှန်ရေးတပ်ဖွဲ့ကို ယနေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကာ NUG အစိုးရက ထုတ်ပြန်ထားသည့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများအတိုင်း လိုက်နာသွားမည်ဟု ထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ်

• မိုးမိတ်မြို့ မန်ကျည်းပင်ရွာနေ လူငယ်တစ်ဦးနှင့် မိုးဟောက်ရွာနေ လူငယ်နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန် နေ့ညနေပိုင်းက ၎င်းတို့၏ နေအိမ်များသို့ ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားသည်။ 

• နောင်ချိုတွင် CDM ပြုလုပ်မှုကြောင့် တာဝန်မှ ယာယီရပ်နားခံထားရသည့် ပညာရေးဝန်ထမ်း ၂၈၄ ဦးအနက် ၂၈၁ ဦးအား ရာထူးမှ အပြီးထုတ်ပယ်လိုက်သည်။ 

• မိုင်းမောမြို့နယ်တွင် စစ်အုပ်စုဘက် မရပ်တည်ဘဲ ပြည်သူနှင့်အတူ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၁၈ ဦးအား ရာထူးမှ ထုတ်ပယ်လိုက်သည်။

ရခိုင်ပြည်နယ်

• မြောက်ဦးမြို့နယ်၊ နတ်ချေောင်းကျေးရွာ အလယ်တန်းကျောင်းအား အ.ထ.က (ခွဲ) အဖြစ် ယခုစာသင်နှစ်တွင် တိုးမြှင့်ထားသော်လည်း အထက်တန်းပြဆရာတစ်ဦးမှ ချထားပေးနိုင်ခြင်း မရှိပေ။ 

• မောင်တောမြို့နယ်တွင် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီ ညမထွက်ရအမိန့် ပုဒ် ၁၄၄ အား ယမန်နေ့ နေ့စွဲဖြင့် နောက်ထပ် နှစ်လ ထပ်မံတိုးမြှင့်ထားသည်။ ညမထွက်ရ တားမြစ်ချက်တွင် မြို့တွင်း လမ်းမှန်သမျှ အပါအဝင် အများနှင် သက်ဆိုင်သည့် ဗလီ၊ ကျောင်းနေရာများတွင် လူငါးဦးထက် မစုဝေးရန်အချက်လည်းပါဝင်သည်။ 

နေပြည်တော်

• စစ်အုပ်စုက ပြန်ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်က ပါတီဝင်အင်အားစာရင်း ပေးပို့ရန် နိုင်ငံရေးပါတီများအား ညွှန်ကြားထားသည်။ 

• စစ်အုပ်စုအား နိုင်ငံတကာအနေဖြင့် ပိုမိုကျယ်ပြန်သည့် သံတမန်နည်းအရ ဖိအားပေးရန် ပြောဆိုနေချိန်တွင် စစ်အုပ်စုဘက် က ပြည်သူများအား လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသည့်အပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပြောဆိုလိုက်သည်။ 

• စစ်အုပ်စုက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG ကာကွယ် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ခင်မမမျိုးပုံအား မှားယွင်းပြသခဲ့သည်။ 

• NUG က ဖွဲ့စည်းထားသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်မှူးငယ်သင်တန်း အပစတ်ဉ် (၁) နှင့် မြို့ပြပြောက်ကျား အပတ်စဉ် (၇) တို့ သင်တန်းဆင်းပြီ ဖြစ်သည်။ 

• ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းပေါင်း ၁၀၀ ကျော် တိုက်ခိုက်ခံခဲ့ရကြောင်း Save the Children (မြန်မာ) က ထုတ်ပြန်ထားသည်။

• စားသောက်ဆိုင်များအနေဖြင့် စားသုံးခွန် ကောက်ခံရန်နှင့် ကောက်ယူထားသည့် အခွန်များအား ပေးဆောင်ရမည်ဟု စစ်အုပ်စုပိုင် ရုပ်သံဌာနများမှတစ်ဆင့် ဖိအားပေး ညွှန်ကြားလျက်ရှိသည်။ 

ဇွန် ၁၂ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် သပိတ်များငြိမ်သက်နေကာ ပေါက်ကွဲမှုအချို့ ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က စစ်တပ်နှင့် မဆိုင်သည့် လူနေအဆောက်အအုံနှင့် ကွန်ဒိုများတွင် ဝင်ရောက်တပ်စွဲမှုများအား ဖိအားပေးလုပ်ဆောင်လျက် ရှိသည်။ 

• မန္တလေးတွင် လမ်းပေါ် လူထုသပိတ်ကြီးများ အားကောင်းလျက် ရှိသည်။ စစ်အုပ်စုဘက်ကလည်း သပိတ်များ ဖြိုခွင်းနိုင်ရန် အတွက် အရပ်ဝတ်သေနတ်ကိုင်များ ပါဝင်သည့် အိမ်စီးကားအသစ်များဖြင့် ကင်းလှည့်စစ်ဆေးမှုများပြုလုပ်နေသည့်အပြင် ရပ်ကွက်များအတွင်းသို့လည်း ရဲကားများဖြင့် ကင်းလှည့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

• ကယားတွင် စစ်အုပ်စုဘက်က ထိုးစစ်ဆင်မှုများ ပြုလုပ်လာနေပြီဖြစ်ကာ စစ်ဘေးရှောင်များ တိုးလာလျက်ရှိသည်။ စစ်အုပ် စုဘက်က အရပ်သားများကိုပါ ပစ်မှတ်တိုက်ခိုက်လျက်ရှိပြီး လမ်းများအား ထိန်းချုပ်ထားသည့်အတွက် စစ်ရှောင်များတွင် ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်ရလျက် ရှိသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် လူထုသပိတ်များ အားကောင်းစွာ ဆက်ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဘက်က လည်း လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်သည်။ မာရှယ်လော မထုတ်ပြန်ထားရသေသော သပိတ်အားကောင်းသည့် မြို့နယ်များတွင်လည်း ထုတ်ပြန်မှုများ စလုပ်လာကာ ညပိုင်းများတွင် ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ် ရန် ပြင်ဆင်လျက် ရှိသည်။ 

• NUG အစိုးရလက်အောက်ခံ PDF တပ်ဖွဲ့ သင်တန်းဆင်းမှုများ များပြားလာချိန်တွင် စစ်အုပ်စုဘက်က မြို့ပေါ်တိုက်ပွဲများ အတွက် ပြင်ဆင်မှုများ ရှိလာကာ ပြည်သူများနေထိုင်သည့် အဆောက်အဦနှင့် ကွန်ဒိုများအထိ တပ်စွဲမှုများ ပြုလုပ်လာနေ သည်။ တစ်ဖက်တွင် စစ်အုပ်စုက NUG နှင့် PDF တပ်ဖွဲ့များ၊ ဆန္ဒပြပြည်သူများအား ပုံဖျက်ရန်အတွက် သတင်းစာရှင်းလင်းပွဲများ ဆက်တိုက်ပြုလုပ်လာကာ တန်ပြန်ဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် အခွန်ကောက်နိုင်ရေးအတွက် ပြင်ဆင်မှုများရှိကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် မီတာမဆောင်သည့်ကြားကပင် နောက်ထပ် မီတာစာ ရွက်များ ထပ်မံလိုက်ပေးမှုများလည်း ပြုလုပ်လျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required