ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အရပ်သားများအား အကြမ်းဖက်မှု ရပ်တန့်ရန် ဂျပန်အောက်လွှတ်တော်က တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အရပ်သားများအား အကြမ်းဖက်မှု ရပ်တန့်ရန် ဂျပန်အောက်လွှတ်တော်က တောင်းဆို

ဇွန် ၈

မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေးနှင့် အရပ်သားများအပေါ် အာဏာသိမ်းစစ်အုပ်စုဘက်မှ အကြမ်းဖက်နေမှုများ ချက်ချင်း ရပ်တန့်ရေးအတွက် ဂျပန် အောက်လွှတ်တော်က ဇွန်လ ၈ ရက်တွင် တောင်းဆိုသွားခဲ့သည်။

ဂျပန် အောက်လွှတ်တော်သည် မြန်မာစစ်တပ်၏ ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး အရှေ့တောင်အာရှနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး တိုက်တွန်းထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဇွန်လ ၈ ရက်တွင် အတည်ပြုခဲ့သည်။

ဗြိတိန်နိုင်ငံ၌ ဇွန်လ ၁၁ ရက်တွင် စတင်ရန် စီစဥ်ထားသည့် စက်မှုထိပ်သီး ဂျီ ၇ အုပ်စု၏ သုံးရက်တာ ထိပ်သီးအစည်းအဝေးမတိုင်မီ ယခု ဂျပန်အောက်လွှတ်တော်၏ လုပ်ဆောင်ချက်သည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ယင်း၏ ဆန့်ကျင်မှုသဘောထားကို ပြသသည့် ရည်ရွယ်ချက်အဖြစ် ထင်ဟပ်ပေါ်လွင်စေခဲ့သည်။

အောက်လွှတ်တော် ကိုယ်စားလှယ်များ မျက်နှာစုံညီ အစည်းအဝေးတစ်ခုတွင် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်ထဲတွင် မြန်မာစစ်အာဏာသိမ်းမှုကို “ဒီမိုကရေစီ ကျင့်သုံးမှုဆိုင်ရာ မျှော်မှန်းချက်များနှင့် အားထုတ်မှုများကို နင်းခြေသည့် လုပ်ရပ်” တစ်ခုအဖြစ် ‌ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ခြင်းကို အကောင်အထည်ပေါ်လာစေရန်အတွက် သံတမန်ရေးရာ ရင်းမြစ်အားလုံးနှင့် အားထုတ်မှုမှန်သမျှကို အပြည့်အ၀ အသုံးပြုလုပ်ဆောင်ရေးအတွက်လည်း ဂျပန်အစိုးရကို ယင်းက တိုက်တွန်းထားခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် မှန်ကန်တရားမျှတမှုရှိကြောင်းကို လုံး၀ ပြသနိုင်မည် မဟုတ်ဟု ဂျပန် အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်တွင် ပြောထားသလို တစ်ချိန်တည်းမှာပင် မြန်မာပြည်သူများနှင့် တစ်သားတည်း ရှိကြောင်းကိုလည်း ယင်းဆုံးဖြတ်ချက်တွင် ထုတ်ဖော်သွားခဲ့သည်။

ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ရန် ရှိသည့် ဂျပန် အထက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးတစ်ခုတွင်လည်း အလားတူ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုနိုင်မည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လေးလကျော်ရှိလာခဲ့ပြီးနောက် အာဏာသိမ်းစစ်အုပ်စုဘက်က အရပ်သားများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးသူဦးရေသည် ဇွန်လ ၇ ရက်အထိဆိုလျင် ၈၅၀ ဦးကျော်အထိ ရှိနေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly