ဒေါ်အောင်ဆန်းစုကြည်၏ အမှု စစ်ဆေးမှုအခြေအနေများကို အိန္ဒိယက အလေးထား စောင့်ကြည့်သွားမည်

ဒေါ်အောင်ဆန်းစုကြည်၏ အမှု စစ်ဆေးမှုအခြေအနေများကို အိန္ဒိယက အလေးထား စောင့်ကြည့်သွားမည်

ဇွန် ၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများ ကြားနာစစ်ဆေးသည့် အခြေအနေများကို အိန္ဒိယအနေဖြင့် အလေးထား စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်အကျွမ်းတ၀င် ရှိသူတစ်ဦးက ဇွန်လ ၇ ရက်တွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့ လမ်းလျှောက်စကားပြောစက်များ လက်၀ယ်တွေ့ရှိမှုကနေ ယမန်နှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းများ ဖောက်ဖျက်မှုအထိ အပါအ၀င် စွပ်စွဲချက်များဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက စွဲချက်တင်ထားသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦး၀င်းမြင့်အပါအ၀င် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်များကို ထိန်းသိမ်းပြီး မတရားအာဏာသိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံသည် ၀ရုန်းသုန်းကား အခြေအနေများအောက် ကျရောက်ခဲ့ပြီး အာဏာရှင်စနစ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နေ့စဉ်နီးပါး ပေါ်ပေါက်ထားခဲ့သလို နိုင်ငံတ၀န်း CDM လှုပ်ရှားမှုများလည်း ပေါ်ပေါက်ထားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့၀င်များ၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းပစ်ခတ်မှုများကြောင့် လူပေါင်း ၉၀၀ နီးပါး သေဆုံးခဲ့ရကြောင်း ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပြတ်အသတ်နိုင်ခဲ့သော ပြီးခဲ့သည့် နို၀င်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲအကြောင်းပြပြီး အာဏာသိမ်းယူခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုများတွင် တရားလိုသက်သေ ထွက်ဆိုချက် ကြားနာစစ်‌ဆေးမှုများကို ဇွန်လ ၁၄ ရက်မှစ၍ စစ်ဆေးသွားမည်ဖြစ်ပြီး သူမ၏ အမှုများကို ဇူလိုင် ၂၆ ရက်တွင် အပြီးသတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သူမ၏ ဥပဒေအကျိုးဆောင်ရှေ့နေအဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြသည်။

နယူးဒေလီသည် ဒေါ်အောင်ဆန်းစုကြည်‌ရော၊ မြန်မာအာဏာသိမ်းစစ်တပ်ခေါင်း‌ဆောင်များရောကိုပါ အညီအမျှ အလေးထား ဆက်ဆံထားခဲ့ပြီး နှစ်ဘက်စလုံးကို တူညီစွာ အာရုံစိုက်နေခဲ့သလို အာဆီယံအဖွဲ့၏ ရပ်တည်ချက်ကနေလည်း အကြံဉာဏ်များ ရယူထားခဲ့သည်။

ယင်းအတွက်ကြောင့် အဓိက အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး အိန္ဒိယအနေဖြင့် ဂရုတစိုက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယင်းကိစ္စနှင့် အကျွမ်းတ၀င် ရှိသူတစ်ဦးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required