အိမ်မဲမြို့နယ်အတွင်း NLD ပါတီ ရပ်ကျေးဥက္ကဌတွေကို စစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီး

အိမ်မဲမြို့နယ်အတွင်း NLD ပါတီ ရပ်ကျေးဥက္ကဌတွေကို စစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီး

ဇွန် ၄

ဧရာဝတီတိုင်း အိမ်မဲမြို့နယ်က NLD ပါတီရဲ့ ရပ်ကျေးဥက္ကဌတွေကို အကြမ်းဖက်စစ်အုပ်စုနဲ့ ရဲတွေက ဇွန်လ ၃ ရက်နေ့ ညပိုင်းအချိန်မှာလိုက်လံဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အိမ်မဲမြို့နယ်အတွင်းက NLD ရပ်ကျေး ဥက္ကဌ အားလုံးကို စစ်အုပ်စုနဲ့ရဲတွေကလိုက်လံရှာဖွေနေတာဖြစ်ပြီး ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စုရဲ့ ရပ်ကျေး NLD ပါတီ ဥက္ကဌ ကိုမိုးအောင် (ခေါ်)ကိုမင်းမင်း ဆိုသူကို  အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေက ဇွန်လ ၃ရက်နေ့ ညပိုင်းအချိန်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ညပိုင်းကြီးလာဖမ်းသွားကြတာပါ၊ဘာကြောင့်ဖမ်းတယ်ဆိုတာလဲ သေချာမပြောဘူး စစ်ဆေးစရာရှိတယ်ဆိုပြီးခေါ်သွားကြတာပဲ"လို့ဒေသခံကဆက်လက်ပြောပါတယ်။

ကိုမိုးအောင် ကို အကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရဲနဲ့ စရဖ တချို့ကဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ်မရရှိသေးဘူးလို့သိရပါတယ်။

အဲ့ဒီ့အပြင် အိမ်မဲမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကျေး NLD ပါတီဥက္ကဌ တော်တော်များများက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတွေလိုက်လံရှာဖွေဖမ်းဆီးနေတာကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly