WHO ၏ နှစ်ပတ်လည် အစည်းအဝေး၌ မြန်မာကို ချန်လှပ်ထားခဲ့

WHO ၏ နှစ်ပတ်လည် အစည်းအဝေး၌ မြန်မာကို ချန်လှပ်ထားခဲ့
Photo - AFP

မေ ၂၆

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဖွဲ့၀င်များသည် ၎င်းတို့၏ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားရန်အတွက် မေလ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့ကြပြီး ယင်းသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ တရား၀င်ကိုယ်စားလှယ်အဖြစ် မည်သူ့ကို အသိအမှတ်ပြုမလဲ ဆိုသည့်အပေါ် ရွေးချယ်ဆုံးဖြတ်ခြင်း မပြုနိုင်သေးသည့် အခြေအနေကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ရန်အတွက် အမျိုးသားညီညွတ်‌ရေးအစိုးရ‌ရော၊ အာဏာသိမ်းအကြမ်းဖက်အုပ်စုရော ကပါ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ ပန်ကြားချက်များ ပေးပို့ခဲ့ကြောင်း သိရသည်။

WHO ၏ အဓိကဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့၏ ယခုနှစ် စုဝေးတွေ့ဆုံမှုကို မေလ ၂၄ ရက်ကနေ စတင်ပြီး ဇွန်လ ၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလအတွင်း အ‌ရေးအကြီးဆုံး အစည်းအဝေးတစ်ခုအဖြစ် ရှုမြင်ခံရသည်။

အနာဂတ်ကာလ ကျန်းမာရေးကပ်ဘေးများ ရှောင်ရှားနိုင်ရန်အလို့ငှာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုပ်နည်းကိုင်နည်း အလုံးစုံအပြင် ကုလ ကျန်းမာရေးအေဂျင်စီကို ပြုပြင်မွမ်းမံရန် တောင်းဆိုမှုများလည်း ရှိနေသည်။

နိုင်ငံ ကိုယ်စားပြုသူဆိုင်ရာ အထောက်အထားများကို အတည်ပြုစစ်ဆေးခြင်းအတွက် တာ၀န်ရှိသည့် WHO ကော်မတီတစ်ခုသည် မြန်မာကိစ္စကို ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ်လုံးက မည်သို့ သဘောထားသင့်သလဲဆိုသည့်အပေါ် ကုလအထွေထွေညီလာခံ၏ လမ်းညွှန်ချက် ထွက်မလာခင်အ‌တောအတွင်း ယခုအရေးကြီးသော အစည်းအဝေးတွင် မြန်မာကို မည်သူက ကိုယ်စားပြုသင့်သလဲ ဆိုသည့် ဆုံးဖြတ်ချက် ချမှတ်မှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားရန် အဆိုပြုထားခဲ့သည်။

လက်ရှိအချိန်တွင် ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ မည်သူကမှ မြန်မာကို ကိုယ်စားပြု တက်ရောက်ရရန် မရှိသည့် အဓိပ္ပါယ်ဖြစ်ကြောင်း အဆိုပြုချက်အရ သိရသည်။ထိုအဆိုပြုချက်ကို WHO အဖွဲ့၀င်နိုင်ငံများက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်း နေ့တိုင်းနီးပါး ဆိုသလို အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်အတူ CDM လှုပ်ရှားမှုတို့ ဖြစ်ပေါ်နေခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား ၈၀၀ ကျော် အသက်ဆုံးရှုံးထားခဲ့ရကြောင်း ပြည်တွင်းစောင့်ကြည့်အဖွဲ့တစ်ခုက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly