ပြုပြင်ပြောင်းလဲမှုအဆုံးသတ်အောင်ပွဲအဖြစ် အာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ကတိပေး

ပြုပြင်ပြောင်းလဲမှုအဆုံးသတ်အောင်ပွဲအဖြစ် အာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ကတိပေး
ဓာတ်ပုံ- အီးပီအေ

နေပြည်တော်၊ ဒီဇင်ဘာ ၂ ။ ။ ပြုပြင်ပြောင်းလဲမှု အဆုံးသတ်အောင်ပွဲအဖြစ် အာဏာကို ညင်သာချောမွေ့စွာ လွှဲပြောင်းပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က ကတိပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ဒီဇင်ဘာလ ၂ ရက်တွင် သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“ဒါဟာကျတော်တို့ရဲ ပြုပြင်ပြောင်းလဲမှု အဆုံးသတ်အောင်ပွဲဖြစ်ပါတယ်။ ဒီအစဉ်အလာကောင်းတစ်ရပ်ကို ဝိုင်းဝန်းဆောင်ရွက်ဖို့လိုပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

အာဏာညင်သာစွာလွှဲပြောင်းရေး နှင့် နောင်ပေါ်ပေါက်လာမည့် အစိုးရကို တည်ငြိမ်စွာ တာဝန်လွှဲပြောင်းနိုင်ရေးအတွက် ပုဂ္ဂိုလ်အရေးအရသာမကဘဲ အစိုးရအဖွဲ့အနေနဲ့ပါ အာမခံနိုင်ကြောင်း ဦးရဲထွဋ်က ပြောသည်။

တွေ့ဆုံဆွေးနွေးရာတွင် အသွင်ကူးပြောင်းရေးကာလ နိုင်ငံတော်အကြီးအကဲတာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရန် နှင့် လွှဲပြောင်းပေးသည့် အစဉ်အလာတစ်ခုကို ထူထောင်ရန် ဆွေးနွေးခဲ့ကြသည်။ ယင်းအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမရှိကြောင်းသိရသည်။

အာဏာညင်သာချောမွေ့စွာ လွှဲပြောင်းပေးရေး နှင့် ပက်သက်၍ မည့်သည့်အချက်များကို ဆွေးနွေးခဲ့သည့်ဆိုသည်ကို ၎င်းအနေဖြင့် ပြောဆိုခွင့်မရရှိခဲ့သည့်အတွက် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ 

"ဒါတွေကလိုအပ်တဲ့အချိန်မှာ ပြည်သူလူထုကိုလိုအပ်သလို ကျွန်တော်တို့ထုတ်ပြန်ပေးသွားမှာပါ ခုဟာ လူကြီးချင်းက ဒီလောက်ပဲပြောခွင့်ပြုထားတဲ့အတွက် ကျန်တဲ့အသေးစိတ်ထုတ်ပြောလို့မရပါဘူး” ဟုဦးရဲထွဋ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ပြီးခဲ့သည့် နိုင်ဘာလ ၈ရက် ရွေးကောက်ပွဲတွင် အစိုးရတစ်ရပ်ဖွဲ့နိုင်သည်ထက် ကျော်လွန်ကာ အနိုရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သုံးဦး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်သူ သူရဦးရွှေမန်း နှင့် အစောဆုံးတွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိမ်တော်၌ ဦးစွာ တွေ့ဆုံခဲ့သည်။ နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly