အတိုင်ပင်ခံပြောသည့် “ ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်” ကို  TNLA ကြိုဆို

အတိုင်ပင်ခံပြောသည့် “ ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်” ကို  TNLA ကြိုဆို
Photo - AFP

ရန်ကုန်၊ ဇန်နဝါရီ ၁၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူးမိန့်ခွန်းစကားတွင်ပါရှိသည့်  “၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ် ဖော်ဆောင်မည်” ဆိုသော အချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်အစပြုဖို့ အခြေအနေကောင်းဖြစ်လိမ့်မည်ဟု  တအာန်းလွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ကြိုဆိုလိုက်သည်။
 
 TNLA  ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့ပြီးသည့်နောက် တနင်္လာနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ရာတွင် အခုလိုထဲ့သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

 TNLA  ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က “ ဒီဟာပေါ်မှာအပြုသဘောဆောင်တဲ့ဟာလို့မြင်တယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက်လည်း ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်တယ်ပေါ့နော်။ ဒါကိုကြိုဆိုတယ်ပေါ့။ အလုပ်မဖြစ်တဲ့ဟာတွေကို အခုအခင်းအကျင်းအသစ်နဲ့ဖော်ဆောင်ပြီးမှ အောင်မြင်နိုင်မယ်လို့မျှော်လင့်တယ် ” ဟု ဆိုသည်။

အလားတူ အပစ်အခတ်ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းသည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် အမြဲအဆင်သင့်ဖြစ်နေဟုလည်း TNLA မှထုတ်ပြန်သည်။

သို့သော် TNLA ပါဝင်သော မြောက်ပိုင်း လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေး အစိုးရ၏ ကမ်းလှမ်းချက်မှာ အဖွဲ့အားလုံးနှင့်သက်ဆိုင်နေ၍ ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်ပြီး ဇန်နဝါရီလမကုန်မီတွေ့ကြရန် မျှော်လင့်နေကြသည်။

ဆွေးနွေးပွဲဖြစ်မြောက်မှသာ အစိုးရ၊ တပ်မတော်၏ သဘောထားနှင့် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုပုံစံအသစ်ဆိုသောအချက်မှာ အလုပ်ဖြစ်၊ မဖြစ်သိရမည်ဟုလည်း ဗိုလ်မှူးတာအိုက်ကျော်ကပြောသည်။

ဆွေးနွေးပွဲကိစ္စနှင့်ပက်သက်၍ အစိုးရနှင့် မြောက်ပိုင်းအဖွဲ့တို့ကြား ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာ တွေ့မည်နေရာကိစ္စ ညှိနှိုင်းနေကြကြောင်းဆိုသည်။

“ ဇန်နဝါရီလမကုန်ခင်မှာတွေ့ဖို့တော့ပြောထားတယ်။ အခုနေရာအဆင်မပြေသေးဘူး။ ဘယ်လိုဖြစ်သလဲဆို သူတို့လည်းမြို့ဘက်ကိုလာဖို့အတွက် ရောဂါအခက်အခဲပေါ့လေ။ အဲ့တာကြောင့်မို့လို့ အခုတော့ညှိနှိုင်းနေဆဲပဲ။ ဘယ်နေရာဖြစ်မယ်ဆိုတာ အတည်တော့မပြုရသေးဘူးလေ ” ဟု၎င်းကပြောသည်။

TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျိုင်းတုံတွင်တွေ့ဆုံအပြီး တစ်နှစ်ကျော်ကြာ ဆွေးနွေးမှုများရပ်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှောင်းပိုင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ဆွေးနွေးမှု သုံး ကြိမ်ခန့်ပြုလုပ်ခဲ့သလို တိုက်ပွဲများလည်း ရပ်ဆိုင်းနေခဲ့ပြီး မြောက်ပိုင်းလေး ဖွဲ့နှင့်ဆွေးနွေးရန် တစ်ပါတည်းဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly