မြစ်ရေ စည်းချက် ဧရာဝတီ - ၁၅

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၅

စက်တင်ဘာ ၂၃

ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်းဟာ တောင်ကြားတွေကနေ တောင်တွေကို ထိုးဖောက် စီးဆင်းနေ တာဖြစ်လို့ ဘယ်ညာကို ကြည့်လိုက်ရင် ကျောက်နံယံတွေချည်းမို့ ရေတက်မယ်ဆိုလည်း ရေတွေက သိသိသာသာကြီးကို မြင့်တက်သွားပြီး တောင်တွေကတော့ နိမ့်ဆင်းသွားသလို တွေ့ရပါတယ်။ ရေကျချိန်ထက် မြန်မာအခေါ်အဝေါ် ဝါးတစ်ပြန်ခွဲလောက်ကို ရေက တက်သွားတာပဲ ဖြစ်ပါတယ်။ မိုးဆက်ပြီးရွာရင် ဒီထက် ထပ်ပြီး မြင့်တက်သွားမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ မြစ်အောက်ပိုင်း တွေကတော့ ရေဘေးဒုက္ခတွေ့နိုင်တာမို့ မြစ်ရေသတိပေးချက်တွေကိုလည်း မြစ်နဲ့နီးစပ်တဲ့ဒေသတွေက အမြဲလိုလို မပြတ်လေ့လာနေရတာကိုလည်း ကြားမိပါတယ်။ 

ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းရဲ့ အကျဉ်းဆုံးနေရာဟာ နောင်မိုရွာနားလို့ ပြောကြလို့ ဟိုဖက်ဒီဖက် ကျောက်တောင်တွေနဲ့ မြစ်ဟာ တစ်မျိုးတစ်ဖုံ လှပသာယာလို့ နေပါတယ်။ နွေဖက်ဆိုရင် မြစ်ရေဟာ စိမ်းညို့နေပြီးမိုးအခါမှာ ရေဟာ အဝါရောင်နောက်ကျိနေပါတယ်။ အဲဒီမြစ်ကျဉ်းထဲမှာ တာမံမတုတ်ဘဲ ရေအားလျှပ်စစ်ထုတ်လို့လည်း ရနိုင်တာတွေ့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေဆို ကျွန်တော်စိတ်ကူး သလို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဒီမြစ်ကျဉ်းဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ က ရှိနေတာဖြစ်ပြီး ဘာလို့များ ဒီမြစ်ကျဉ်းမှာ တာမံမပိတ်ဘဲ ရနိုင်တဲ့ ရေအားလျှပ်စစ်ကို မထုတ်လုပ် တာလည်းဆိုတာ စာရေးသူ ဉာဏ်မမီတာများ ဖြစ်နေသလားလို့တောင် စဉ်းစားမိလိုက်ပါသေးတယ်။ 

အလှအပတွေကို ငေးမောခံစားရင်း ဧရာဝတီကို ရှေ့ဆက်ပြီးလာလိုက်တာ မြစ်ဟာ တဖြည်းဖြည်း ကျယ်လာတာတွေ့ရပြီး မြစ်နှစ်စင်းဖြစ်သွားလို့  ကြည့်လိုက်တဲ့အခါ မြစ်လယ်မှာသောင်ကြီး ထွန်းနေ တာတွေ့ရပါတယ်။ ကျွန်းကြီးလိုဖြစ်နေပြီး ဒေသခံတွေကလည်း သောင်ကျွန်းလို့ပဲ ခေါ်ကြပါတယ်။ သင်္ဘော ဟာ ဘယ်ဖက်မြစ်ကြောင်းက သွားရပါတယ်။ ညာဖက်ကလည်း မြစ်ကြီး ဖြစ်ပေမယ့် တစ်ဖက်မှာ ရေအလွန်နည်းပြီး လှေငယ်တွေနဲ့ ရှပ်ပြေးယာဉ်လောက်ပဲ သွားလို့ရတယ်လို့ ပြောပါတယ်။ မိုးတွင်းဖက် မှာတော့ ကျွန်းရဲ့ သုံးပုံနှစ်ပုံလောက်ရေမြုပ်ပြီး ကျန်တဲ့အပိုင်းကတော့ ဒေသခံတွေက တောင်ယာ စိုက်ပျိုးရေးလုပ်ကြတယ်လို့ သိရပါတယ်။ မြို့ရဲ့မြောက်ဘက် ဧရာဝတီမြစ်လယ် သောင်ကျွန်းပေါ်မှာ ဘုမ္မိဇေယျ ရွှေပေါ်ကျွန်းဘုရားလည်း ရှိပါတယ်။ သောင်ကျွန်းတစ်ကျွန်းလုံးပေါ် ဘုရားပေါင်းများစွာ တည်ထားတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေ တက်တဲ့အခါမှာလည်း ဘုရားရင်ပြင် ပေါ်ကို ရေမလွှမ်းဘူးဟုလည်း ဒေသခံတွေက ပြောပြတာလည်းသိရပါတယ်။ 

ရွှေကူမြို့ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ထဲကရုံးစိုက်တဲ့မြို့ဖြစ်ပါတယ်။မြောက်ဘက်မှာ မြစ်ကြီးနား ခရိုင်  ကောက်ကွေ့ချောင်းနဲ့ ခြားလျက် တောင်ဘက်မှာ မဘိမ်းမြို့နယ်နှင့် ဆက်စပ်နေပါတယ်။ အရှေ့ဘက်မှာ ဆင်ကန်ချောင်းအထိဖြစ်ပြီးအနောက်ဘက်မှာ ကသာခရိုင်နှင့်ဆက်စပ်နေ ပါတယ်။ ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းအောက်ဖက်  မိုင်အနည်းငယ်အကွာ လက်ဝဲဘက်ကမ်းပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။ဗန်းမော်နှင့် ရွှေကူမြို့ဟာ  ကားလမ်းအဆက်အသွယ် ရှိပေမယ့် ရာသီဥတု ဆိုးတဲ့အခါ သွားလာရ ခက်ခဲတယ်လို့ ဆိုပါတယ်။  ရေလမ်းကတော့ အချိန်မရွေး သွားလာနိုင်တယ်လို့ လည်း သိရပါတယ်။ 

ရွှေကူမြို့နယ် ဝန်းကျင်မှာ ယခင်က သစ်တောများ များပြားတာကြောင့် သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ခုတော့ သစ်ထုတ်လုပ်မှု မရှိသလောက်ရှားသွားပြီလို့လည်း သိရပါတယ်။  ဒါကြောင့် ရွှေကူမြို့ဟာ သစ်တောဌာန သင်္ဘောဆိပ်မြို့လို့လည်း နံမည်တွင်ခဲ့တဲ့ မြို့ဖြစ်ဖူးခဲ့ပါတယ်။  

မြစ်ကို စုန်ဆင်းတဲ့အခါ မြစ်ရဲ့ လက်ဝဲဖက်က ရွှေကူမြို့၊ လက်ယာဖက်က သောင်ကျွန်း ဖြစ်ပြီး ရှေ့ဆက်သွားတဲ့အခါ သောင်ကျွန်းအဆုံးကိုရောက်ပါတယ်။ ရှေ့ဆက်ပြီး သွားတဲ့အခါ နောက်ထပ် သောင်ကျွန်းကြီးတစ်ကျွန်းကိုလည်း ထပ်တွေ့ရပါသေးတယ်။ ကျွန်းကတော့ တောင်ယာစိုက်ပျိုးတဲ့ မြေနုကျွန်းပဲ ဖြစ်ပါတယ်။ စောစောက တွေ့ခဲ့တဲ့ သောင်ကျွန်းထက် ၂ ဆ ကျော်ကျော်ကြီးပါတယ်။ မြစ်ရဲ့ လက်ယာဖက်အခြမ်းက သွားရပြီး လက်ဝဲဖက်အခြမ်းမှာတော့ သောင်တွေများတယ်လို့ သိရပါတယ်။  

ရွှေကူမြို့ကို လွန်တော့ မြစ်ရဲ့ လက်ယာဖက် ကျောက်ကြီးရွာကို ကျော်လာပြီး ဧရာဝတီမြစ်ကြီးဟာ အထီးကျန်ဆန်သလို ရေလယ်မှာလည်း သောင်တွေဟာ ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ခြောက်ကပ်ကပ် နိုင်လှပါတယ်။ ရှေ့ဆက်သွားလေ မြစ်ထဲမှာ သောင်တွေ ထွန်းနေတာ တော်တော်များများ တွေ့ရလေပါပဲ။ နွေရာသီဆိုတော့ ရေကျနေချိန်လည်း ဖြစ်၊  မြစ်ထဲ ငါးရှာနေတဲ့သူတွေကိုလည်း ငေး၊ စိတ်ကူးကလည်း လွင့် ဆိုတော့။  ။ 

သောင်တွေက ဘယ်လောက်တောင်များသလဲဆို ရွှေကူကနေ ကသာရောက်သည်အထိ ဘယ်ကိုပဲ ကြည့်ကြည့် သောင်တွေနဲ့ ပြည့်နှက်လို့နေပြီး သင်္ဘောက ကွေ့ကွေ့ကောက်ကောက် သွားနေရလို့ ပျင်းရိ ငြီးငွေ့ဖွယ်တောင် ကောင်းပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်ရတာလည်း ငြီးစီစီဖြစ်လာပါတယ်။ စာရေးသူကလည်း ပတ်ဝန်းကျင်သမားဆိုတော့ အဲဒီ ငြီးစီစီကြီးကိုပဲ စိတ်ဝင်စားစရာအဖြစ် ပြောင်လဲ လိုက်ရင်း ကသာမြို့ကို လှမ်းမြင်နေပါတယ်။ 

ကသာမြို့ဟာ နွေအခါ ဧရာဝတီမြစ်ထဲမှာ သဲသောင်ပြင်တွေနဲ့ လွင်တီးခေါင်ဖြစ်နေတာကို ငေးရင်း ဒီလွင်တီးခေါင်တွေကို လှပသာယာတဲ့ နေရာလေးဖြစ်အောင်လုပ်မယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးဆိုတာ အတွေးထဲမှာ ပေါ်လာပါတယ်။ သက်ဆိုင်သူတွေလည်း သိမှာပါ၊ ငွေကြေးကုန်ကျစရိတ် မတတ်နိုင်လို့ ဒီအတိုင်း ကသာမြို့ရဲ့ ဧရာဝတီကို ဝမ်းနည်းစွာ ပစ်စလက်ခတ်လုပ်ထားတာကို တွေးကြည့်ရင် သိနိုင် မှာပဲဖြစ်ပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ကသာမြို့သူမြို့သားတွေဟာ သောင်တွေကို ကြည့်ဖို့ တော်တော်ဝေဝေးကို သွားကြည့်ရပြီး ခုတော့ မကြည့်ချင်မှ အဆုံးလို့ ဒေသခံ စာရေးဆရာမ တစ်ယောက်က ပြောပြတာ အမှတ်ရပါတယ်။ 

ကသာမြို့ဟာ စစ်ကိုင်းတိုင်းရဲ့မြောက်ဘက်၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်မှာတည်ရှိပြီး ကိုလိုနီခေတ် အတွင်းမှာတော့ အရမ်းကိုစည်ကားခဲ့တဲ့ မြန်မာပြည်အထက်ပိုင်းက ဆိပ်ကမ်းမြို့လေး တစ်မြို့ဖြစ်ပါ တယ်။ မြန်မာသမိုင်းရဲ့ ထူးခြားတဲ့ မြို့တွေထဲက မြို့တစ်မြို့လို့ ပြောလို့လည်းရပါတယ်။ ကိုလိုနီခေတ်ရဲ့ အငွေ့အသက်တွေ အပြည့်အဝပေးနိုင်မှာကတော့ သေချာပါတယ်။ သစ်တောအုပ်များ အလွန်များပြား တာကြောင့် နေချင်ဖွယ်ကောင်းလောက်အောင် စွဲဆောင်ထားတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့   မြို့လည်းဖြစ်ပါတယ်။ 

ရှေးအခါ က ကမ်းသာ ဟု ထင်ရှားခဲ့ပြီး ရှမ်းဘာသာနဲ့ဆိုရင် ကပ်ဆာ လို့ ခေါ်ကြောင်း သိရပါတယ်၊ မိုင်းသာဈေးမြို့လို့လည်း အဓိပ္ပါယ်ရပါတယ်။ ကဒူးရာဇဝင်မှာတော့ ကဆာ (ကျားမြို့) လို့တွေ့ရပါတယ်။ 

 စာပေနယ်ပယ်မှာတော့ George Orwell ရဲ့ ပထမဆုံး ဝတ္ထု Burmese Days (၁၉၃၄) ဇာတ်ဝင်ခန်း နေရာ ဖြစ်တဲ့ စိတ်ကူးယဉ် ကျောက်တံတားမြို့ရဲ့ အမှန်တကယ် မြို့အဖြစ် လူသိများပါတယ်။ စာရေးဆရာ Orwell ကိုယ်တိုင် ကိုလိုနီခေတ် အိန္ဒိယအင်ပါယာ ရဲတပ်ဖွဲ့လက်အောက် ကသာမြို့မှာ ၁၉၂၆ ကနေ ၁၉၂၇ ထိ  တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ ဗြိတိသျှကလပ် (လက်ရှိ တင်းနစ်ကလပ် အပါအဝင်) ရဲစခန်းနဲ့ ကသာအကျဉ်းထောင်တို့ဟာ သူရဲ့ဝတ္ထုမှာ ဖော်ပြထားတဲ့ ယနေ့တိုင် လည်ပတ်နိုင်တဲ့ နေရာများ ဖြစ်ပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ အသေးစိတ် တွေကိုတော့  Emma Larkin ၏ "Finding George Orwell in Burma" မြန်မာဘာသာပြန် စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်(ကိုနေ - မန်း က ဘာသာပြန်ထား)။ ကသာမြို့ဟာ ထင်ရှားတဲ့ မြန်မာစာရေးဆရာ ရွှေဥဒေါင်း၊ သော်တာဆွေ၊ သိပ္ပံမှူးတင်နှင့် Stable faction မှ AFPFL ခေါင်းဆောင် ကျော်ငြိမ်း စသူတို့ နှင့် ဆက်စပ်နေတာကိုလည်း စာပေတွေမှာ ဖတ်ရှုရပါတယ်။ 

ကသာမြို့လေးဟာ တစ်ချိန်တုန်းကဆိုရင်တော့ ရေလမ်းခရီးဟာ အလွန်အရေးပါပြီး စီးပွားရေး အချက် အချာကျခဲ့တဲ့ ဆိပ်ကမ်းမြို့လေးဖြစ်ခဲ့ဘူးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ သင်္ဘောကြီးတွေ ဆိုက်ကပ်ခဲ့တဲ့ ကသာမြို့ရဲ့ဆိပ်ကမ်းလေးနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေပြည့်နေတဲ့ ကမ်းနားလမ်း ဆိုတာကလည်း ခုချိန်မှာတော့ တိတ်ဆိတ်နေခဲ့ပြီဖြစ်ပြီး ခုနောက်ပိုင်း အပန်းဖြေ လေညှင်းခံလို့ အဆင်ပြေအောင် ဖန်တီးထားတာကိုလည်း တွေ့ရပါတယ်။ 

မြို့ကို တစ်ပတ်လောက်ပတ်ပြီး ကမ်းနားဆင်း သင်္ဘောပေါ်တက် သင်္ဘောထွက်၊ နွေရာသီဆိုတော့ ဧရာဝတီမြစ်ရေတွေက ကြည်လင်နေတာပေါ့။ ကသာမြို့ကအထွက် သင်္ဘောဦးပိုင်းကနေ လက်ဝဲဖက်က သောင်ပြင်တွေ၊ သောင်ပြင်တွေပေါ်မှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေနဲ့ လက်ယာဖက်က စိမ်းလမ်းစိုပြေ နေတဲ့ တောတောင်တွေရဲ့ အလှတွေကို တွေးကာ ငေးကာ တွေးတောစဉ်းစားရင်း၊ ဧရာဝတီမြစ်ရေ ဟာလည်း တည်တည်ငြိမ်ငြိမ် စီးနေပါတယ် ။  ။ 

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly