တိုက်ပွဲတွင်းအရပ်သားသေဆုံးမှု စုံစမ်းစစ်ဆေးဖို့သွားနေစဉ် တပ်မတော်စစ်ဆေးရေးအဖွဲ့ပစ်ခတ်ခံရ

တိုက်ပွဲတွင်းအရပ်သားသေဆုံးမှု စုံစမ်းစစ်ဆေးဖို့သွားနေစဉ် တပ်မတော်စစ်ဆေးရေးအဖွဲ့ပစ်ခတ်ခံရ
ဓာတ်ပုံ - ဗိုလ်ချုပ်ထွန်းထွန်းညီ

ဇူလိုင် ၁၆ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်ကျန်ကျေးရွာတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုအတွက် ကွင်းဆင်းစုံစမ်းစစ်ဆေးရန်သွားသည့် တပ်မတော်စစ်ဆေးရေးအဖွဲ့ကို RCSS/ SSA ဘက်က ပစ်ခတ်ခဲ့သောကြောင့် ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က မြေပြင်မှာ အခြေအနေမှန်ဘာတွေ ဖြစ်လဲဆိုတာကို သွားစစ်ဖို့ သွားကြတဲ့အချိန် သွားတဲ့လမ်းကြောင်းမှာ လုံခြုံရေးလုပ်တဲ့အဖွဲ့တွေရော၊ သွားစစ်ဆေးမယ့်အဖွဲ့တွေရောကို ပစ်ခတ်မှုတွေလုပ်တာပေါ့။ ထိခိုက်ဒဏ်ရာရတာတစ်ချို့ရှိခဲ့ပါတယ်။ ပြဿနာဖြစ်အောင်ကို လုပ်နေတဲ့ သဘောမျိုးတွေရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကျွန်တော်တို့က လိုက်ခဲ့ကြဆိုပြီး ခေါ်တော့ကျ သူတို့က မလိုက်ဘူးဗျ။ မလိုက်တဲ့အချိန်မှာ အဲ့ဒီလိုပစ်ခတ်မှုတွေ ဖြစ်တယ်ဗျာ” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးတစ်ဦး ဦးစီးပြီး ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင် သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပန်ကျန်ကျေးရွာသို့သွားရောက်ရန် လုံခြုံရေးဆောင်ရွက်စဉ် ဇူလိုင် ၁၄ ရက်နေ့က နောင်ပိန်ကျေးရွာနှင့် နမ့်မော်ဖိတ်ကျေးရွာအနီးတွင် တစ်ကြိမ်၊ ဟဲကွီးကျေးရွာအနီးတွင် တစ်ကြိမ်ပစ်ခတ်ခံရပြီး၊ ဇူလိုင် ၁၅ ရက်နေ့တွင် နမ့်မော်ဖိတ်ကျေးရွာအနီးတွင် တစ်ကြိမ်၊ ဟဲကွီးကျေးရွာနှင့် ပန်ကျင် ကျေးရွာကြားတွင်တစ်ကြိမ်၊ ပန်ကျန်ကျေးရွာအနီးတွင် ၁ ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နှစ်ရက်အတွင်းစုစုပေါင်း ၅ကြိမ် ပစ်ခတ်ခံခဲ့ရသည့်အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးက ဇူလိုင် ၁၅ရက်က ထုတ်ပြန်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက မူ ဇူလိုင်လ ၁၄ ရက်နေ့တွင် တပ်မတော်ဘက်က ကြိုတင်ညှိနှုင်းခြင်းမရှိဘဲ တောနင်းရှာဖွေမှုပြုလုပ်သဖြင့် ပစ်ခတ်မှု ရှိခဲ့သော်လည်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ပစ်ခတ်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ပြောသည်။

“ပစ်ခတ်တာ မရှိဘူး။ တစ်လုံးတစ်ချက်မပစ်ခဲ့ရဘူး။ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိခဲ့ဘူး။ ၁၅ ရက်နေ့ကလေ။ တိုက်ပွဲအတုပေါ့။ တပ်မတော်ဘက်က ကြိုတင်ညှိနှိုင်းမှုမရှိဘဲနဲ့ တောနင်းပြီးတော့ ရှာဖွေလို့ ၁၄ ရက်နေ့ကတော့ နည်းနည်းပါးပါးထိတွေ့မှုရှိခဲ့တယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

ကျောက်မဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “လိုရင်းကတော့ အဲ့လိုရေးထားတယ်။ ဒါပေမယ့် အောက်ခြေကတော့ နည်းနည်းကွဲလွဲမှုရှိတာပေါ့။ ရှိနေတယ်ဆိုတာ သူတို့ စိစစ်ဖို့ သွားတာက လက်နက်ကြီးတွေ စစ်ကြောင်းထိုးပြီး ဒီတိုင်းဝင်သွားတာကိုး။ အဲ့တာကြောင့် တစ်ချို့နေရာတွေ တိုက်ပွဲဖြစ်တာပေါ့။ အခုရွာသားတွေ ထွက်ပြေးတာလည်း ရှိတာပေါ့။ စစ်ဆေးလို့ မရတော့ ဘူးပေါ့။ ဒီနေ့ဆို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်ပြောလာတယ်။ သူတို့စိစစ်ချင်တဲ့သူလည်း ရှာလို့မရဘူး။ ရွာမှာ လူမရှိတော့ဘူး။ ကျွန်တော်တို့ကို ကူညီပေးဖို့ ပြောလာတယ်။ အခြေအနေတည်ငြိမ်ရင်တော့ ကူညီပေးမယ်လို့ ပြောထားတယ်။ ပထမကတော့ ကျွန်တော်တို့ နှစ်ဖက်ချိတ်ဆက်ပြီး နှစ်ဖက်သဘောထားနားလည်မှုရှိရှိသွားဖို့ ပေါ့။ ဒါပေမယ့် တပ်ဖက်က အဲ့လိုသွားလုပ်တာပေါ့။ ကျွန်တော်တို့လည်း နောက်ဆုံးပူးပေါင်းမဆောင်ရွက်တော့ ဘူးပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်၊ ၂၈ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟဲကွင် (ပန်ကျန်) ကျေး ရွာ၌ တပ်မတော်နှင့် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်၍ ရွာသားတစ်ဦးဖြစ်သူ ဦးအိုက်စု (ခ) ဦးလုံးစု (အသက် ၆၀) သေဆုံးသွားခဲ့ပြီး ဒေါ်နန်းဆိုင်ဆိုသူ အမျိုးသမီးတစ်ဦး တင်ပါးဆုံထိမှန်ပြီး နောင်ပိန် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။

ကျောက်မဲခရိုင် လွှတ်တော်ကိုယ်စားလှယ်များရုံးက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ပေးပို့သော ဇူလိုင်လ ၁ ရက်နေ့ နေ့စွဲတပ် စာတွင် "စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အနီးပစ်ခတ်ခဲ့သည်"ဟု ပါရှိသည့်အပြင်" အစိုးရစစ်ကြောင်းများ ရွာတွင်းဝင်လာချိန်တွင် ရွာသားအချို့ကြောက်လန့်တိမ်းရှောင်နေသည်ကို စစ်တပ်မှလက်လွှတ်စပယ် အနီးကပ်ပစ်ခဲ့ခြင်းဖြစ်ပါသည်။" ဟုလည်း ဆိုထားသည်။

အလားတူတိုက်ပွဲနှင့်ဆက်စပ်သော ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အခြားတစ်ဦးလည်းရှိခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် ဇူလိုင် ၁၀ရက် နံနက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ထောင်ပေါင်းများစွာသော ဒေသခံများက တပ်မတော်၏ပတ်ခတ်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှုအပေါ် ကျူးလွန်သူများကိုဖော်ထုတ်အရေးယူပေးရန် မြို့တွင်းစီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်မှုတစ်ခုလည်း ပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် ၎င်းဆန္ဒထုတ်ဖော်မှုမှ ဦးဆောင်သူ သုံးဦးကို တပ်မတော်က ပုဒ်မ နှစ်ခုဖြင့် အရေးယူသွားမည် ဟုလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly