ကျောက်မဲဆန္ဒပြပွဲ ဦးဆောင်သူများကို အရေးယူမည်ဆိုခြင်းအပေါ် ရှမ်းနိုင်ငံရေးပါတီများဝေဖန်

ကျောက်မဲဆန္ဒပြပွဲ ဦးဆောင်သူများကို အရေးယူမည်ဆိုခြင်းအပေါ် ရှမ်းနိုင်ငံရေးပါတီများဝေဖန်
Photo Creadit - Thar Zaw

ဇူလိုင် ၁၃

ကျောက်မဲဆန္ဒပြပွဲ ဦးဆောင်သူ သုံးဦးကို အရေးယူမည်ဟုတပ်မတော်က ထုတ်ပြန်ချက်အပေါ် ရှမ်းနိုင်ငံရေးပါတီနှစ်ခုက ဝေဖန်ပြောလိုက်ကြသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အထွေထွေအတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က “NCA မှာ လက်မှတ်ထိုးထားတဲ့အချက်တွေအရ တိတိကျကျလိုက်နာသင့်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။... တရားစွဲတာက မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။ ငြိမ်းစုစီကြောင့်စွဲတာရော၊ ကိုဗစ်ကြောင့်ရော ဖြစ်ပွားရတဲ့အခြေအနေပေါ် မူတည်ပြီးတော့ လုံးဝတရားစွဲဖို့ မသင့်ဘူး။ ဆက်စောင့်ကြည့်သွားမှာက ဒီကိစ္စဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေပေါ့။ တရားမစွဲဘူး။ တိုက်တွန်းထားတဲ့ ကုစားမှုကိုရော လုပ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းပဲပေါ့မြင်ပါတယ်” ဟု ပြောသည်။

ဇူလိုင် ၁၀ ရက်နေ့နံနက်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ထောင်ပေါင်းများစွာသော ဒေသခံများက မြို့တွင်းစီတန်းလှည့်လည်ပြီး တပ်မတော်၏ပတ်ခတ်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှုအပေါ် ကျူးလွန်သူများကိုဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြခဲ့ကြသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဘက်က ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင်  "ခွင့်ပြုချက် မရရှိဘဲ စုဝေး၊စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်သူ သုံးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့ဖြင့် သက်ဆိုင်ရာဌာနများမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း " ပါရှိသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “လက်နက်မရှိတဲ့ ပြည်သူတွေကို အဲ့ဒီလိုလက်လွတ်စပယ်သတ်ဖြတ်လိုက်တဲ့ကိစ္စ၊ ရိုက်နှက်တဲ့ ကိစ္စကိုတော့ ဖော်ထုတ်ဖို့ မကြိုးစားဘဲ မတရားမှုကို ဆန္ဒပြတဲ့လူထုကို ရွေးပြီး အပြစ်ပေးအရေးယူတာတော့ လုံးဝမဖြစ်သင့်ဘူး။ အဲ့တာကြောင့် SNLD ထဲက ဥပဒေအကြောင်းနားလည်တဲ့ ဥပဒေပညာရှင်တွေကို စုစည်းပြီး အစွတ်စွဲခံရတဲ့ ရွာသားတွေဘက်က ခုခံကာကွယ်ပေးဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

ဇွန်လ ၂၇ ရက်၊ ၂၈ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟဲကွင် (ပန်ကျန်)ကျေးရွာ၌ တပ်မတော်နှင့် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်၍ ရွာသားတစ်ဦးဖြစ်သူ ဦးအိုက်စု (ခ) ဦးလုံးစု (အသက် ၆၀) သေဆုံးသွားခဲ့ပြီး ဒေါ်နန်းဆိုင်ဆိုသူ အမျိုးသမီးတစ်ဦး တင်ပါးဆုံထိမှန်ပြီး နောင်ပိန်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။ "စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အနီးပစ်ခတ်ခဲ့သည်" ကျောက်မဲခရိုင် လွှတ်တော်ကိုယ်စားလှယ်များရုံးက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ပေးပို့သော ဇူလိုင်လ ၁ ရက်နေ့ နေ့စွဲတပ် စာတွင် ပါရှိသည်။
" အစိုးရစစ်ကြောင်းများ ရွာတွင်းဝင်လာချိန်တွင် ရွာသားအချို့ကြောက်လန့်တိမ်းရှောင်နေသည်ငကို စစ်တပ်မှလက်လွှတ်စပယ် အနီးကပ်ပစ်ခဲ့ခြင်းဖြစ်ပါသည်။" ဟုလည်းပါရှိသည်။

အလားတူတိုက်ပွဲနှင့်ဆက်စပ်သော ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အခြားတစ်ဦးလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly