တိုက်ပွဲအတွင်း အရပ်သားသေဆုံးထိခိုက်မှု စစ်ဆေးအရေးယူပေးရေး ကျောက်မဲဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ

တိုက်ပွဲအတွင်း အရပ်သားသေဆုံးထိခိုက်မှု စစ်ဆေးအရေးယူပေးရေး ကျောက်မဲဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ
Photo Creadit - Sai Tun Aung Lwin

ဇူလိုင် ၁၀

တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပေါ် အမှုမှန်ပေါ်ပေါက်ရန်နှင့် ကျူးလွန်သူများကို စစ်ဆေးအရေးယူပေးရန် ကျောက်မဲဒေသခံများက သောကြာနေ့ ဇူလိုင်လ ၁ဝ ရက်နေ့ မနက်အစောပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “အပြစ်မဲ့ပြည်သူများကို သတ်သည့် တပ်မတော်ကို အလိုမရှိ” စာတန်းပါဗီနိုင်းများကို ကိုင်စွဲခဲ့သည်ကို ဓာတ်ပုံများအရ တွေ့ရသည်။

 

 

Photo Creadit - Sai Tun Aung Lwin

ကျောက်မဲလူမှုကူညီရေးအသင်းမှ ကိုသားဇော်က “တပ်မတော်နဲ့ RCSS နဲ့ ထိတွေ့မှုခဏဖြစ်လိုက်တယ်။ အဲ့ဒီထိတွေ့မှုကြားမှာ ဒေသခံတစ်ယောက်က ဆုံးသွားတယ်။ တပ်မတော်က ပစ်ခတ်လိုက်တာ။  ကျောက်မဲမြို့နယ်က ပတ်ဝန်းကျင် ကျေးရွာဒေသခံတွေ ဆန္ဒပြကြတာပါ။ ဒီဟာကို လူ့အခွင့်အရေးကိုလည်း တင်ထားတယ် အမှုမှန်ပေါ်ပေါက်ပြီး တကယ်လုပ်ခဲ့တဲ့ တပ်မတော်သားတွေကို  အရေးယူပေးဖို့ လွှတ်တော်ကိုယ်စားရုံးက။ ဒီအပေါ်သူတို့က ထပ်ဖိအားပေးတဲ့ သဘောပါ” ဟု ပြောသည်။

ဆန္ဒပြသူများသည် နံနက် ၈ နာရီမှသည် ၁၀ နာရီခွဲအထိ ကျောက်မဲမြို့အပြင်မှ မြို့တွင်းဝင်ရောက်ကာ စီတန်းလှည့်လည်ခဲ့ကြသည်။ အစောပိုင်းတွင် ရဲတပ်ဖွဲ့က မြို့တွင်း မဝင်ရန် တားမြစ်ခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးပြီးနောက် ခွင့်ပြုခဲ့ကြသည်။

ဒေသတွင်းမှတက်လာသော ဗီဒီယိုများအရ ဆန္ဒပြသူအရေအတွက် သောင်းဂဏန်းပင်ရှိနိုင်သည်ဟု ယူဆရသည်။

ဆန္ဒပြသူများက ငြိမ်းစုစီခွင့်ပြုချက်လျှောက်ထားခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဟု သိရသည်။
ကိုဗစ်ကာလဖြစ်သကဲ့သို့ ငြိမ်းစုစီခွင့်ပြုချက်မရရှိသောကြောင့် ကျောက်မဲမြို့ထဲသို့ မဝင်နိုင်စေရန် ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့ခြင်းဖြစ်သည်ဟုလည်း ဆန္ဒပြသူတစ်ဦးက ပြန်ပြောပြသည်။
 

ဇွန် ၂၉ ရက်နေ့မနက်ပိုင်းက  ပန်ကျဲန်ရွာတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်နှင့် ပစ်ခတ်မှုကြောင့် အသက် ၅၆ နှစ်အရွယ်   ဒေသခံအမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

Photo Creadit - Sai Tun Aung Lwin

ပန်ကျဲန်ရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း  အရပ်သားသေဆုံးမှုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သွားရောက်ကွင်းဆင်းစစ်ဆေးချက်အရ တပ်မတော်စစ်ကြောင်းဘက်က " လက်လွတ်စပယ်" ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးရသည်ဟု သုံးသပ်ကြောင်းနှင့် လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂ ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထွန်းဉာဏ်က ပြောသည်။

“ဥပမာ ရွာထဲမှာ လက်နက်ကိုင်ရှိလို့ အဝေးက လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာတွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်။ အဲ့ဒါတွေက ကျွန်တော်တို့ ကွင်းမဆင်းဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဖြစ်တဲ့ပေါ်မှာ အရပ်သားတွေ ကြားညှပ်သွားတာ။ အခုသေတာက သူက အိမ်ထဲမှာ နေတာ။ ပြီးတော့ စစ်ဖြစ်နေတော့ သူပုန်းနေတာ။ ပုန်းနေတာကို စစ်တပ်က အနီးကပ်ပစ်တယ်ပေါ့နော်။ စစ်ဆေးမေးမြန်းလို့ ရရဲ့သားနဲ့ကို ပစ်တာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုတွင် ကျောက်မဲမြို့နယ်ပတ်ဝန်းကျင် ကျေးရွာအုပ်စုကိုးခုမှ  ပါဝင်ဆန္ဒပြထုတ်ဖော်ခဲ့သည်ဟု သိရသည်။ RCSS/SSA လိုလားသူများကလည်း ဆန္ဒဖော်ထုတ်ရန် တိုက်တွန်းမှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly