သုဝဏ္ဏတွင် မဲစာရင်းမပါသည့် မဲဆန္ဒရှင် ၁၈၀၀ခန့် ရွေးကောက်ပွဲနေ့တွင် မဲရုံးနားသွားကာ မဲပေးခွင့်ရရေး ကြိုးစားမည်

သုဝဏ္ဏတွင် မဲစာရင်းမပါသည့် မဲဆန္ဒရှင် ၁၈၀၀ခန့် ရွေးကောက်ပွဲနေ့တွင် မဲရုံးနားသွားကာ မဲပေးခွင့်ရရေး ကြိုးစားမည်

ရန်ကုန်၊ နိုဝင်ဘာ ၇ ။          ။ ရန်ကုန်တိုင်း၊ သင်္ကန်ကျွန်းမြို့နယ်၊ သုဝဏ္ဏ ြမို့နယ် ၂၉ ရပ်ကွက်တွင် နေထိုင်သည့်  လူ၁၈၀၀ခန့်က မဲဆန္ဒရှင်စာရင်းတွင် ၎င်းတို့နာမည်များ မပါသည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး ကြိုးစားသွားမည်ဟု မဲဆန္ဒရှင် စာရင်းတွင် မပါခဲ့သည့်  ၂၉ရပ်ကွက်တွင် နေထိုင်သူ  ကိုခင်မောင်တင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ မဲထည့်ချင်တယ်၊ မဲထည့်ခွင့်လည်းရချင်တယ်၊ အဲနေ့ကို သန်းကောင်းစာရင်းနဲ့ မှတ်ပုံတင်ကိုကိုင်ပြီး မဲရုံနားသွားနေမယ်"ဟု ၎င်းကပြောသည်။

ယင်းရပ်ကွက်တွင် နေထိုင်သူ ၁၇၉၀ ခန့်သည့် မဲဆန္ဒရှင် စာရင်းတွင် မပါဝင်သည်ကို နိုဝင်ဘာ ၂ရက်ကမှ သိရှိခဲ့သည်ဟု ဆိုသည်။

မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သည့် ပြည်သူများ မဲပေးနိုင်ရေးအတွက် နိုဝင်ဘာ ၆ရက်က မြို့နယ်ကော်မရှင်ရုံးသို့ အကြောင်းကြားစာပေးပို့ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကန်ကျွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စာလှယ် ဦးရွှေလှဝင်းက မဇ္ဈိမကိုပြောသည်။

"မဲဆန္ဒရှင် စာရင်းမှာမပါဘူး ကြားတယ်၊ မနေ့က ကော်မရှင်ကို စာတင်ထားတယ်၊နုတ်နဲ့လည်းအကြိမ်ကြိမ်ပြောထားတယ်၊  ပြည်သူတွေက မဲပေးချင်တဲ့ ဆန္ဒလည်းရှိတယ်၊ သူတို့တွေ မဲပေးဖို့ကို   ဆောင်ရွက်ပေးပါလို့ ပြောထားတယ်"ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့် ရရှိရန်အတွက်  သင်္ကန်ကျွန်းမြို့နယ်၊ သုဝဏ္ဏ မဲရုံအမှတ် ၅မှ မဲရုံမှူးနှင့်သွားတွေ့မည်ဟု ၂၉ရပ်ကွက် ကောက်သွယ် (၁)လမ်းတွင် နေထိုင်သည့်  မဲဆန္ဒရှင် ဒေါ်ခင်မြဝင်းက မဇ္ဈိမကိုပြောသည်။

"ကျွန်မတို့မဲဆန္ဒရှင် စာရင်းကို ၂ရက်နေ့က ကပ်တော့လည်းမပါဘူး။ လူကြီးကို ပြောပါတယ်။ ကျွန်မတို့ မပါလားဘူး။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ နောက်ထပ်လာမှာပါ ကပ်လိမ့်မယ်လို့ပြောတယ်။ ဒီနေ့ထိမပါတော့မနက်ဖြန်ကို မဲရုံနံပါတ် (၅)ကို သန်ကောင်းစာရင်းနဲ့ မှတ်ပုံတင်ကိုင်ပြီး မဲရုံမှူးကို မေးမယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ အခွင့်အရေးရချင်တယ်"ဟု ၎င်းကပြောသည်။

သင်္ကန်ကျွန်မြို့နယ် အတွင်း မဲရုံပေါင်း ၁၂၀ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေးပေါင်း တစ်သိန်း၂သောင်း ဝန်ကျင်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly