ရွေးကောက်ပွဲမဲပေးရန် ရခိုင်ကျောင်းသား ၃၀၀၀ ကျော် အိမ်ပြန်

ရွေးကောက်ပွဲမဲပေးရန် ရခိုင်ကျောင်းသား ၃၀၀၀ ကျော် အိမ်ပြန်

စစ်တွေ၊ နိုဝင်ဘာ ၇ ။              ။ ရခိုင်ပြည်နယ်အနှံ့မှ စစ်တွေမြို့သို့ ပညာသင်ကြားရန် ရောက်ရှိနေကြသော အဝေးသင် တက္ကသိုလ် ကျောင်းသားကျောင်းသူများ မဲပေးခွင့် မရံှးဆုံးစေရန်နှင့် မိမိတို့ဒေသများသို့ ပြန်လည်မဲပေးနိုင်အောင် နေရပ်အသီးသီးသို့ လူမှုအသင်းအဖွဲ့အကူအညီများဖြင့် ပြန်သွားခဲ့ကြသည်။

အဝေးသင် ကျောင်းသားများ အိမ်ပြန်မဲပေးနိုင်အောင်၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲတစ်ပြားနှင့် စနစ်တစ်ခုအတွက် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အကောင်အထည်ဖော်ပေးသူ ကိုဝေဟင်အောင်က ပြောကြားသည်။

“လူဦးရေ ၃၀၀၀ လောက် ခန့်မှန်းထားပါတယ်။ မြို့ ၁၂ မြို့ကို Target ထားပါတယ်။ အခက်အခဲ တကယ်အများကြီးရှိတယ်။ လုပ်ရတဲ့ အချိန်အများကြီးမရပါဘူး။ ၂ ရက်ပဲ အချိန် ရပါတယ်။ ငွေကြေးအခက်အခဲရှိပါတယ်။ တချို့ကျောင်းသားတွေ လိုက်ချင်ရင်တောင်မှ နေရာအခက်အခဲကြောင့် ထားခဲ့ရပါတယ်။ ” ဟု ၎င်းကဆိုသည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ မြို့နယ်များမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် စီစဉ်နိုင်ခဲ့ကြောင်း၊ မြောက်ဦးမြို့နယ်မှ တက္ကသိုလ်ကျောင်းသားတို့ စီစဉ်ပေးခဲ့ကြောင်း ကိုဝေဟင်အောင်က ပြောကြားသည်။

“ခရီးစရိတ်အတွက် ကုန်ကျငွေတွေကိုတော့ ကျွန်တော်တို့ အလှူရှင်တွေ ဆီကနေပြီးတော့ အလှူခံနေပါတယ်။ လုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေဆီက အကူအညီတောင်းထားပါတယ်။ ဒါပေမယ့် နယ်ဖက်က အဖွဲ့အစည်းတွေဆီကပဲ ရတယ်။ စစ်တွေမြို့ထက်က အဖွဲ့တွေဆီကတော့ သိပ်မရသေးပါဘူး။ အခုကတော့ ကျွန်တော်တို့လက်ထဲမှာ အလှူငွေ သိန်း ၂၀ ကျော်လောက်ပဲ ရလို့ရှိတယ်။” ဟု ဆိုသည်။

စစ်တက္ကသိုလ်သို့ ရောက်ရှိနေသော အဝေးသင် နောက်ဆုံးအသုတ်မှာ ၇၀၀၀ ကျော်ရှိပြီး၊ ကျောင်းသားအများစုက အိမ်ပြန်ကြသော်လည်း တချို့ကျောင်းသားများတွင် ကျူရှင်မပိတ်၍ မပြန်နိုင်ကြကြောင်း၊ တချို့ကလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိ၍ အိမ်မပြန်ကြသူများလည်း ရှိကြောင်း ကျောက်တော်မြို့သို့ ပြန်သော ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly