အစိုးရ နှင့် တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဟု သမ္မတ ကတိပြု

အစိုးရ နှင့် တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဟု သမ္မတ ကတိပြု

နေပြည်တော်၊ နိုဝင်ဘာ ၆။ ။ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အစိုးရ နှင့် တပ်မတော်က လေးစားလိုက်နာသွားမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

"ကျွန်တော်တို့ အစိုးရ၊ တပ်မတော် အနေနဲ့ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ ရလဒ်ကို လေးစားလိုက်နာ သွားမှာဖြစ်ကြောင်းကို ထပ်မံပြောကြားလိုပါ တယ်။ ရွေးကောက်ပွဲရလဒ်များနဲ့ အညီ နိုင်ငံရေးအခင်းအကျင်းသစ်ကို အတူလက်တွဲ ပုံဖော်ဖန်တီး ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။"ဟု သမ္မတက နိုဝင်ဘာ ၆ရက်က ရွေးကောက်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် အစိုးရက တပ်မတော်သားများ နှင့် ဝန်ထမ်းများ မဲပေးရာတွင် လွတ်လပ်စွာ မဲပေးခွင့် ရရှိနိုင်ရန် ဆောင်ရွက်ထားသည်ဟုလည်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများ အပါအဝင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတစ်ယောက်စီတိုင်း လွတ်လပ်စွာ မဲပေးခွင့်ရဖို့ ကြိုးပမ်းဆောင် ရွက်ထားကြောင်းကိုလည်း အသိပေးပြောကြား လိုပါတယ်။"ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်တင်မြှောက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မည့် သမ္မတလောင်းများကို ပြည်သူကိုယ်စား ဆက်လက် မဲပေး ရွေးချယ်ရမည်ဖြစ်သည်။ ယင်း ရွေးကောက်ပွဲ ရလဒ်များ နှင့် ဖွဲ့စည်းပုံအရ ပေါ်လာမည့် အစိုးရအဖွဲ့ကို လက်ခံပြီး နိုင်ငံရေး အင်အားစုအသီးသီး၏ ခေါင်းဆောင်များကိုလည်း လေးစားလက်ခံမည်ဟု ယုံကြည်ကြောင်း သမ္မတက ပြောသည်။

ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များ နှင့် ဆွေးနွးအဖြေရှာသွားမည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags