အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်တွင် ကြိုတင်မဲပေးသူ ၂၀၀ ခန့်ရှိလာ

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်တွင် ကြိုတင်မဲပေးသူ ၂၀၀ ခန့်ရှိလာ

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်တွင် နန်းတွင်းမှ တပ်မတော်သားများ အပါအဝင် ကြိုတင်ဆန္ဒမဲပေးသူ ၂၀၀ဦးခန့် ရှိသွားပြီဟု ဥပုသ်တော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်ထွန် က မဇ္ဈိမကို နိုဝင်ဘာလ ၅ ရက်တွင်ပြောသည်။

 “ကြိုတင်မဲ စာရင်းကို တပ်က ဘယ်လောက်၊ ရဲက ဘယ်လောက်၊ ပညာရေးက ဘယ်လောက်လို့တော့ ခွဲပြောလို့ မရဘူး အားလုံးပေါင်းရင် ၂၀၀ နီးပါး ရှိနေပြီ” ဟု ဦးတင်ထွန်း က ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို နိုဝင်ဘာလ ၃ ရက်မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ မန်းတောင်ခြေ ဘိုးဘွားရိပ်သာ အပါအဝင်ရပ်ကွက် အတွင်းရှိ သက်ကြီး ရွယ်အိုများနှင့် နာမကျန်း ဖြစ်နေသူများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 “ဒီနေ့ကတော့ ရပ်ကွက်ထဲမှာရှိတဲ့ နာမကျန်းတွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ နေအိမ်တွေကို ကြိုတင်ဆန္ဒမဲ လိုက်ကောက်ပေးနေတယ်။ မနက်ဖြန်လည်း အခုလို လုပ်နေဦးမှာပဲ” ဟု ဦးတင်ထွန်းက ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ကြိုတင်ဆန္ဒမဲပေးသူ ပထမနေ့တွင် ၂ ဦး၊ ဒုတိယနေ့တွင် ၁၀ဦး၊ တတိယနေ့တွင် ၁၅၀ ဦးနှင့် နာမကျန်းနှင့် သက်ကြီးရွယ်အို ၁၉ ဦး တို့ကို ရရှိထားပြီး ဖြစ်သည်ဟု ဦးတင်ထွန်း က ဆိုသည်။ ထိုဥပုသ်တော်ရပ်ကွက်တွင် မဲရုံ ၁၉ ရုံရှိပြီး မဲပေးနိုင်သူဦးရေ တစ်သောင်းခွဲရှိသည်ဟု ဦးတင်ထွန်း ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags