မျှတသည့် ရွေးကောက်ပွဲဖြစ်လျှင် ကန်ပိတ်ဆို့မှုကို ဖြေလျော့နိုင်မည်

မျှတသည့် ရွေးကောက်ပွဲဖြစ်လျှင် ကန်ပိတ်ဆို့မှုကို ဖြေလျော့နိုင်မည်

နိုဝင်ဘာ ၅ ရက် ။            ။ လာမည့်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပါက အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ် ထားမှုများ ဖြေလျှော့ သွားနိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးလည်း ပိုမိုတိုးတက်လာစေမည်ဟု အိမ်ဖြူတော် အထူး အကြံပေး တစ်ဦးက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် အကြီးတန်းအမျိုးသားလုံခြုံရေး လက်ထောက်အရာရှိ မစ္စတာ Ben Rhodes က ရွေးကောက်ပွဲ၌ ပြဿနာအချို့ ဖြစ်နိုင်ခြေ ရှိသော်လည်း ကျယ်ပြန့်သည့် တရားမျှတမှုရှိပါက စီးပွားရေးနှင့် သံတမန်ရေးရာ မိတ်ဖက်အကျိုးများ ဖြစ်လာစေနိုင်သည်ဟုဆိုသည်။

"ရွေးကောက်ပွဲက ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် သက်ရောက်လာစေမှာ ရှင်းရှင်းလင်းလင်းပဲ ဖြစ်ပါတယ်။" ဟု ပြောပြီး မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး၏ အပြည့်အဝအကျိုးကျေးဇူးကို ရရှိထားပြီ ဟူသော နားလည်မှု လွဲမှားနေမှုကိုလည်း မစ္စတာ Ben Rhodes က ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံမှ အဖွဲ့အစည်းများအလိုက်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများက ရင်းနှီးမြုပ်နှံသူများအတွက် ဆိုးဆိုးဝါးဝါး သက်ရောက်မှု ဖြစ်နေစေကြောင်း မစ္စတာ Ben Rhodes က အခိုင်အမာပြောသည်။

ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဘဏ်များ၊ လေကြောင်းလိုင်းများ၊ စက်မှုကုမ္ပဏီများ၊ ဟိုတယ်များနှင့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို စာရင်းသွင်းထားသည်။

၁၉၉၀ ခုနှစ်များက ဒီမိုကရေစီလှုပ်ရှားမှုများကို စစ်အစိုးရ ဖြိုခွင်းနှိမ်းနင်းလိုက်သည့်နောက်ပိုင်းတွင် ဒဏ်ခတ်ပိတ်ဆို့မှု များကို ချမှတ်လိုက်ခြင်းဖြစ်ပြီး အပြည့်အ၀ ဖြေလျှော့မှု မပေးသေးပေ။

"မြန်မာနိုင်ငံအတွက်က တကယ်အကျိုးကျေးဇူး များများစားစား မဆောင်ကြဉ်းနိုင်သေးပါဘူး။" ဟု မစ္စတာ Ben Rhodes က ဆိုလိုက်ပြီး "တကယ်လို့သာ ရွေးကောက်ပွဲကို ကောင်းကောင်း စီမံကျင်းပပေးနိုင်ရင်တော့ ဖြစ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေက ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags