မဲရုံလုံခြံုရေး အထူးရဲသည် ယဉ်ကျေးသိမ်မွေ့ရမည်ဖြစ်ပြီး ပြည်သူများအား ကူညီစောင့်ရှောက်ရမည်

မဲရုံလုံခြံုရေး အထူးရဲသည် ယဉ်ကျေးသိမ်မွေ့ရမည်ဖြစ်ပြီး ပြည်သူများအား ကူညီစောင့်ရှောက်ရမည်

နိုဝင်ဘာ ၅ ရက် ။              ။ မဲရုံလုံခြုံရေးအတွက် အနီးကပ်စောင့်ကြပ်ရန် ခန့်အပ်ထားသည့် အရန်အပါအဝင် အထူးရဲ တစ်ဦးချင်းသည် ယဉ်ကျေး သိမ်မွေ့ရမည်ဖြစ်ပြီး ပြည်သူများအား ကူညီစောင့်ရှောက်ရမည်ဟု အထူးရဲများ လိုက်နာရမည့် တာဝန်ဝတ္တရားများတွင် ထည့်သွင်း ဖော်ပြထားသည်။

လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံ ၄ဝ,ဝဝဝ ကျော်အတွက် လုံခြုံရေးအနီးကပ်စောင့်ကြပ်ရန် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးစီ တာဝန်ပေးအပ်နိုင်ရန်အတွက် အရန်အပါအဝင် အထူးရဲ ၄ဝ,၂၆ဝ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၄၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ရဲအက်ဥပဒေပုဒ်မ ၂၇၊ ၂၈၊ ၂၉ နှင့် ၃ဝ တို့နှင့်အညီ ခန့်အပ်ထားပြီးဖြစ်သည်။

အထူးရဲများ၏ တာဝန်ဝတ္တရား (၁၂) ချက်အရ မဲရုံများတွင် တာဝန်ချထားစဉ် အထူးရဲများအနေဖြင့် လက်နက်၊ ခဲယမ်း တစ်စုံတစ်ရာ ကိုင်ဆောင်ခွင့်ရှိမည်မဟုတ်ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းတပုဒ်က ဖော်ပြထားသည်။

ထို့ပြင် အထူးရဲများသည် 'ပြည်သူ့ငြိမ်ဝပ်ပိပြားရေး' ကို ထိခိုက်စေမည့် သတင်းများကိုလည်း စုဆောင်းပြီး အစီရင်ခံရမည်ဟုလည်း (၁၂) ချက်အတွင်း ပါဝင်သည်။

အများပြည်သူ ပျော်ရွှင်သည့်နေရာ၊ ပွဲလမ်းသဘင်များတွင်လည်းကောင်း ဣန္ဒြေစောင့်စည်းမှုကို ထိန်းသိမ်း စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။

အများပြည်သူတို့ သွားလာရာ လမ်းများပေါ်တွင်လည်း ယာဉ်အသွားအလာ ကြပ်မတ်ခြင်းနှင့် လမ်းများပေါ်တွင် တားဆီးပိတ်ဆို့နေသော အရာများကို ဖယ်ရှားပေးရမည်။

ထို့ပြင် ရွေးကောက်ပွဲကာလ မဲရုံများတွင် တာဝန်ချထားစဉ် မဲရုံမှူး၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်ခြင်းမှအပ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားသည်။

စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ခန့်အပ်ခဲ့သည့် အထူးရဲများအနေဖြင့် ရဲအက်ဥပဒေပုဒ်မ ၃ဝ ပါ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ လုပ်ပိုင်ခွင့်များ၊ အကာအကွယ်များ ရရှိမည်ဖြစ်သကဲ့သို့ ဥပဒေဖောက်ဖျက် ကျူးလွန်ပါကလည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly