ရွေးကောက်ပွဲ ချောမောသည်ဟု ထောက်ခံသဖြင့် တရုတ်စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်

ရွေးကောက်ပွဲ ချောမောသည်ဟု ထောက်ခံသဖြင့် တရုတ်စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် ။ ။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်ချောမောစွာ ကျင်းပနေသည်ကို ထောက်ခံအားပေးသည့်အနေဖြင့် တရုတ်အစိုးရ က သူ၏ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အား စေလွှတ်ခြင်းဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် မစ္စတာစွန်းဂေါ်ရှန်း က ပြော ဆိုလိုက်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ်လည်းဖြစ်သူ တရုတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် မစ္စတာစွန်းဂေါ်ရှန်းနှင့် အဖွဲ့အား ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးနှင့်အဖွဲ့က နေပြည်တော်၌ နိုဝင်ဘာ ၄ ရက်နေ့ နံနက်တွင် တွေ့ဆုံခဲ့စဉ် ပြောကြားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

မစ္စတာစွန်းဂေါ်ရှန်းက 'ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်မှုအတိုင်းအတာကို အနောက်နိုင်ငံ (ဖွံ့ဖြိုးပြီးနိုင်ငံ) များ၏ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် တိုင်းတာ၍ မရနိုင်ကြောင်း' နှင့် 'မိမိနိုင်ငံအနေအထားနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို ရွေးချယ် ကျင့်သုံးပြီး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်သည်ဟု ပြောဆိုသွားခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ အစဉ်အမြဲ ရပ်တည် ပေးခဲ့သည်ကို အသိအမှတ်ပြု မှတ်သားထားကြောင်းနှင့် တရုတ်-မြန်မာချစ်ကြည်ရေးခိုင်မြဲမှုကို အစဉ်အမြဲ အလေးထားကြောင်း ပြန်လည်ပြောဆိုသည်။

မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်မည့် တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် အစိုးရဝန်ထမ်းများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် တပ်မတော်ကိုယ်စားလှယ်များပါဝင်သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲဖြစ်စဉ်၊ ကော်မရှင် တာဝန်များ၊ လွှတ်တော် ၃ ရပ်ဖွဲ့စည်းမှုနှင့် သမ္မတရွေးချယ်မှု၊ ရွေးကောက်ပွဲ စနစ်၊ မဲစာရင်းပြုစုပုံ၊ ရွေးကောက်ပွဲရလဒ်ကြေညာမည့်လုပ်ငန်းစဉ်တို့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက မစ္စတာစွန်းဂေါ်ရှန်းနှင့် အဖွဲ့အား ရှင်းပြဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly