အရှိုချင်းအမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေး ၈၀% ထိ ပြီးစီး

အရှိုချင်းအမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေး ၈၀% ထိ ပြီးစီး

စစ်တွေ၊ နိုဝင်ဘာ ၄ ။ ။ တိုင်းရင်းသား မျိုးနွယ်စုပါတီ တစ်ခုဖြစ်သည့်  အရှိုချင်းအမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးမှု အခြေအနေမှာ ရာခိုင်နှုန်းအားဖြင့် ပြောလျှင် ၈၀% ထိ ပြီးစီးနေပြီဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဆလိုင်းဟန်ကြည်က ပြောကြားသည်။

“မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်းမှာတော့ ငွေရေးကြေးရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခရီးပင်ပန်းတာတွေကတော့ နည်းနည်းရှိပါတယ်။ ကျွန်တော်တို့က အရှိုတွေနေတဲ့ရွာတွေကိုပဲ သွားတာဆိုတော့ အခက်အခဲ၊ အနှောက်အယှက်တွေကတော့ သိပ်မရှိပါဘူး။” ဟု အရှိုချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအချိန်တွင် ၎င်းပါတီသည် တိုင်းရင်းသားပါတီ ၂၂ ပါတီပါဝင်သော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနှင့် ပူပေါင်းထားကြောင်းလည်း သိရသည်။

လွှတ်တော်ထဲတွင်လည်း ယင်းပါတီကို အခြေခံ၍ ဒီမိုကရေစီအင်အားစုပါတီများနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်မှန်းကြောင်း ၎င်းကပင်ပြောကြားသည်။

အရှိုချင်းအမျိုးသားပါတီအနေဖြင့် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန စသည်တို့မှ ၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly