ကျောက်ဆည်တွင် NLDက နောက်ဆုံးအကြိမ် စည်းရုံးရေးဆင်း

ကျောက်ဆည်တွင် NLDက နောက်ဆုံးအကြိမ် စည်းရုံးရေးဆင်း
(ဓာတ်ပုံ- စိုးသီဟ)

မန္တလေး၊ နိုဝင်ဘာ ၄ ။                ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ နိုဝင်ဘာလ ၆ ရက်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဆောင်၍ အလှပြယာဉ်များ၊ ဖျော်ဖြေရေးယာဉ်များ အပါအဝင် အောင်ဆန်းဇာနည်ဆင်ဖြင့် ကျောက်ဆည်မြို့ တစ်မြို့လုံးကို နောက်ဆုံးအကြိမ် အင်အားပြ လှည့်လည်ဖျော်ဖြေ သွားမည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ကျောက်ဆည်)မှ ဦးစိုးသီဟက မဇ္ဈိမကိုပြောသည်။

 “NLDရဲ့မဲဆွယ်စည်းရုံးမှုကို နောက်ဆုံးနေ့အဖြစ် ဝန်းရံပြီးအင်အားပြတဲ့သဘောပါ။ တစ်မြို့လုံးက မြို့သူမြို့သားတွေပါမယ်။အပြောင်းအလဲတစ်ခုကို လက်တွေ့ရောက်ဖို့ ကျောက်ဆည်တစ်နယ်လုံးက ပါတယ်ဆိုပြတာပါပဲ။ အရွေ့သမိုင်းမှာ ကျောက်ဆည်လည်းပါတယ်ဆိုတာ ရဲရဲတောက်ပြတာပါပဲ။”ဟု ဦးစိုးသီဟ ပြောသည်။

ထိုသို့လှည့်လည်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင်အောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်နှင့်တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းထွန်း တို့လည်းပါဝင်မည် ဖြစ်သည်။

အဆိုပါနောက်ဆုံးနေ့ အင်အားပြလှည့်လည်ပွဲအား ကျောက်ဆည်မြို့အဝင် ဒေလိုက်ကဖေးရှေ့မှ နံနက် ၈ နာရီတွင် စတင်ထွက်ခွာမည် ဖြစ်ပြီး ည ၁၀ နာရီအထိ ပြုလုပ်သွားမည်ဟု ဦးစိုးသီဟက ဆိုသည်။

ကျောက်ဆည် ဒေသခံ အငြိမ်းစား ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးကျော်စိုးဝင်းက “လိုက်ဖို့ ပြင်ဆင်ထားတယ်။ ကျွန်တော်က လက်ရှိကျူရှင်ဆရာဆိုတော့ ကလေးတွေက လိုက်မယ်ပြောတယ်။ သူတို့ကိုခေါ်ပြီးလိုက်ကြမယ်။ တစ်ချို့လုပ်ဖော်ကိုင်ဖက်တွေလည်း လိုက်ကြမယ်။ ဒီအချိန်မှာဆက်ပြီး အကြောက်တရားတွေ ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့အနာဂတ်၊ ကလေးတွေရဲ့အနာဂတ် ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ဒါကြောင့် ရဲစိတ်မွေးကြပါလို့ ပြောချင်တယ်။”ဟုပြောသည်။

အဆိုပါ လှည့်လည်ခွင့်ရရှိရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများက ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly