ကြံ့ခိုင်ရေးအမတ် မန္တလေးတိုင်း လူမှုရေးဝန်ကြီးက အောင်မြေသာစံဒေသခံများအား မျက်စိအခမဲ့ကုပေးကာ မဲဆွယ်

ကြံ့ခိုင်ရေးအမတ် မန္တလေးတိုင်း လူမှုရေးဝန်ကြီးက အောင်မြေသာစံဒေသခံများအား မျက်စိအခမဲ့ကုပေးကာ မဲဆွယ်

မန္တလေး၊ နိုဝင်ဘာ ၁ ။ ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မေတ္တာ၊စေတနာ၊ဂရုဏာ ပရဟိတ အသင်းတွင် နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းမှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း)သည် အဆိုပါရပ်ကွက်ရှိဒေသခံများအား မျက်စိအခမဲ့ကုသပေးကာ မဲဆွယ်စည်းရုံးခဲ့သည်။ 

ထိုသို့မဲဆွယ်စည်းရုံးမှုကို ဝင်ရောက်သတင်းယူကြသော မန္တလေးအခြေစိုက် မဇ္ဈိမအပါအဝင် EPA၊ ဧရာဝတီ နှင့် ပေါ်ပြူလာဂျာနယ်တို့မှ သတင်းထောက်များအား ဆေးလာကုသူများ စိတ်အနှောက်ဖြစ်သည်ဟု အကြောင်းပြကာ စေတနာ၊ မေတ္တာ၊ ဂရုဏာ ပရဟိတ အသင်းဥက္ကဋ္ဌက နှင်ထုတ်ခဲ့သည်။ 

"ခင်ဗျားတို့ကြောင့် လူနာတွေစိတ်အနှောက်အယှက်ဖြစ်တယ်။ ထွက်သွားပေးပါ။ ငါတို့က ပရဟိတ လုပ်နေတယ်။"ဟု ပြောဆိုခဲ့သည်။

ထိုသို့ မျက်စိဝေဒနာရှင်များကို အခမဲ့ကုသပေးပြီး ဒေါက်တာဝင်းလှိုင်အား မဲပေးရန် လက်ကမ်းစာစောင်များ ဝေပေးသည်ကို သတင်းထောက်များက တွေ့ရှိခဲ့သည်။ 

ဝေဒနာရှင်များ ကိုင်ထားသည့် လက်ကမ်းစာစောင်များကို ဓာတ်ပုံရိုက်ရာတွင်လည်း မရိုက်ရန် ပါတီဝင်များက လိုက်လံတားမြစ်ပြီး ပါတီအတွက် မဲဆွယ်စည်းရုံးနေခြင်း မဟုတ်ကြောင်းပြောဆိုသည်။

EPA ဓာတ်ပုံသတင်းထောက် ကိုဟိန်းထက်က "ကျွန်တော်တို့ ဓာတ်ပုံရိုက်တယ်။ ဒါကိုနှင်ထုတ်တယ်။ ဒါမျိုး မလုပ်သင့်ဘူး။"ဟု မဇ္ဈိမ ကိုပြောသည်။

ဧရာဝတီမှ ဓာတ်ပုံ သတင်းထောက် ကိုတေဇလှိုင်ကလည်း "ပရဟိတ အသင်းဥက္ကဋ္ဌ အနေနဲ့ နှင်မထုတ်သင့်ဘူး။ ကျွန်တော်တို့က စိတ်ကြိုက်ဓာတ်ပုံစောင့်ရိုက်တယ်။ ပြီးရင်သွားမှာပဲ။ ဒါကို အခုလို နှင်သလိုလုပ်တာတော့ မကောင်းဘူး။ ပြီးတော့ အပြင်မှာ မိုးရွာနေတယ်ဗျာ။" ဟုပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags