သာကေတ တိုက်ခိုက်မှုကို မတုန့်ပြန်ကြရန် NLD အသိပေး

သာကေတ တိုက်ခိုက်မှုကို မတုန့်ပြန်ကြရန် NLD အသိပေး
NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ရန်ကုန်ဆေးရုံကြီးတွင် ဓာတ်မှန်ရိုက်အပြီး ပြန်ထွက်လာသည်ကို အောက်တိုဘာ ၂၉ရက် ညက တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်များ သာကေတမြို့နယ်အတွင်း မဲဆွယ် စည်းရုံးနေစဉ် လက်နက်ဖြင့် တိုက်ခိုက်ခံရမှုအပေါ် ပြန်လည်တုန့်ပြန်ခြင်းမပြုကြရန် NLD ဗဟိုအောင်နိုင်ရေးအဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။

ဦးနိုင်ငံလင်းအပါအဝင် ပါတီဝင် သုံးဦးမှာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီခန့်က သာကေတမြို့နယ်ရှိ မန်ပြေ (၈) လမ်း တွင် ဓါးဖြင့်တိုက်ခိုက်ခံရပြီး ပါတီဝင် မသန္တာမော်မှာ ဆေးကုသခံပြီးနောက် အိမ်သို့ပြန်သွားနိုင်ခဲ့သော်လည်း ဦးနိုင်ငံလင်း နှင့် ကိုကျော်သူတို့နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသခံနေရဆဲဖြစ်သည်ဟု အောက်တိုဘာ ၃၀ NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုကျော်သူ၏ ဒဏ်ရာမှာမူ မပြင်းထန်ဘဲ၊ လက်နှစ်ဖက်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိခဲ့သည့် ဦးနိုင်ငံလင်းမှာလည်း အသက်အန္တရာယ် မစိုးရိမ်ရဟု ဆိုသည်။

တိုက်ခိုက်မှုအား ကျူးလွန်သူများကို သာကေတရဲစခန်းတွင် အမှုဖွင့်လျှက် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းသွားမည် ဟု သိရသည်။

"မည်သည့်တုန့်ပြန်မှုကိုမှ မပြုလုပ်ကြပါရန် အသိပေးလိုပါသည်။ မိမိတို့ မြို့နယ်အသီးသီးတွင်လည်း လောလောဆယ် ဆောင်ရွက်နေကြသော စည်းရုံးလှုပ်ရှားမှုများကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်ကြရန်ဖြစ်ပါသည်။" ဟု NLD ဗဟိုအောင်နိုင်ရေးအဖွဲ့က တစ်နိုင်ငံလုံးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များအား အသိပေး ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags